အပိုင်း တစ်ဆယ့်တစ်။

5.6K 466 27
                                    

ချစ်လွန်းလို့ မုန်းကြည့်လိုက်လည်း အဆင်ပြေမယ် ထင်ပါရဲ့။
ဟန်ဆောင်ရလို့ ပင်ပန်းလည်း ငိုကြွေးနေရတာထက်တော့ ပိုမှာပါ။ ထို့ကြောင့် နည်းနည်းလောက်ပဲဖြစ်ဖြစ် မာနလေးတင်းခံထားပါရစေ ချစ်ရသူ။

သိပ်ချစ်လို့ လိမ်ပါမယ်၊ မခွဲရက်နိုင်လို့ မုန်းဟန်ဆောင်ပါ့မယ်၊ မထားရစ်နိုင်ခဲ့လို့ တွယ်ကပ်ပါဦးမယ်။

ကျွန်မနာမည်က ငယ်သွေးကြွယ် ...
မြတ်နိုးရသူကတော့ တစ်ချိန်တုန်းက ကြွယ်ဟုသာ အဖျားစွပ်ခေါ်ခဲ့သည်။ အသက် ၂၄နှစ်အရွယ် အလုပ်လက်မဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်‌ယောက်။ ကြွယ်က တကယ့်ကို အလုပ်လက်မဲ့ ... အိမ်ထောင်မှုကိစ္စ၊ မယားဝတ္တရားဆိုသည်ကိုပင် လုပ်ပိုင်ခွင့်မရှိထားသော အခြေမဲ့။

နှင်းဆီများအား မုန်းမိပါ၏။
နှင်းဆီကိုမှ မြတ်နိုးသူအား ပိုတိုးကာပင် မုန်းချင်မိပါသည်။

ဒီနေ့ကောင်းကင်မှာ ကြယ်မစုံပေ။
ယမန်နေ့များနှင့်မတူပဲ မှိန်းလျလျဖြစ်နေသော ကောင်းကင်ယံမှာ ထပ်တူဝမ်းနည်းပေးနေဟန်။ ဓာတ်ပြားဖွင့်စက်မှ ပျံ့လွှင့်လာသည့် ဆွေးမြဖွယ်သီချင်းသံစဉ်မှာလည်း ပါဝင်ပံ့ပိုးနေသကဲ့သို့။

နောက်ဆယ်ရက်လောက်နေရင် တစ်လဆိုတဲ့ သတ်မှတ်ကာလပြည့်ပြီ။ မျှော်လင့်ထားသလိုတွေ မဖြစ်နေစေဖို့သာ အကြိမ်ကြိမ်ဆုတောင်းမိသည်မှာလည်း တစ်လထက်ပင် များပြားလှသည့် ဂဏန်းအရေအတွက်တစ်ခုထိပင် ရှိလေရောပေါ့။ ဖြစ်သွားခဲ့ရင်လည်း အပြစ်မဆိုချင်တော့ပါဘူးလေ။ ဘာလို့ဆို မိုးသားနီက ကြွယ့်ကိုမှ မချစ်ပဲ ...

ဒီရက်ပိုင်းအတွင်း သိပ်ပင်ပန်းရတယ် မိုးသားရယ်။

...

" ဟိုအမျိုးသမီးကော "

" ခြံထဲမှာပါ မမလေး "

ပန်းပင်တွေထပ်စိုက်နေပုံရပြန်၏။ ဒေါ်လွှမ်းနှင်းဆီဆိုတဲ့ မိန်းမကလေ နည်းနည်းလေးတောင် အခွင့်အရေးပေးထားလို့ပင် မရပေ။ နေမကောင်းဖြစ်တာကို အခွင့်ကောင်းယူပြီး တောင်းဆိုလာတာ။ သနားလို့ လိုက်လျောမိတာ ငါးပါးမက ဆယ်ပါးအထိပင် မှောက်လေပြီ။ ဘယ်သူကထင်မလဲ နှင်းဆီပင်စိုက်မယ်ဆိုတော့ သာမန်ကာလျှံကာ အနည်းအကျဉ်းလောက်ပဲပေါ့။ အခုက တစ်ခြံလုံးနီးပါးကို ဖြစ်နေရော ...

Silence In The Mirror (completed)Where stories live. Discover now