အပိုင်း နှစ်ဆယ့်ကိုး။

4.8K 392 11
                                    

" မနှင်းဆီ "

" ထွက်သွားပေးပါ "

ခြေထောက်ထိခိုက်ထားသည်မို့ ဆေးလိမ်းပေးရန် အခန်းထဲသို့ ဝင်လာမိသောအခါ စိမ်းစိမ်းကားကား နှင်ထုတ်သံအားကြားရ၏။

" ဆေးလိမ်းပေးပြီးရင် ထွက်သွားမယ် "

ကုတင်ခြေရင်းအစပ်တွင် ငုတ်တုပ်ထိုင်နေသူ အနားသို့ သွားလိုက်သည်။ စောနကအထိ ပြတင်းပေါက်ဘက်သို့ ငေးကြည့်နေသော မနှင်းဆီသည် ယခုတွင်တော့ ခေါင်းကိုအောက်သို့ ငုံ့ထား၏။

ဆေးလိမ်းရာတွင် အဆင်ပြေစေရန် မနှင်းဆီရှေ့ ဒူးထောက်ထိုင်ချလိုက်သည်။ ခြေချင်းဝတ်လေး အနည်းငယ် ယောင်ကိုင်းနေခြင်းကို မြင်ရသောအခါ စိတ်ထဲမကောင်း။ ဆေးဗူးကိုဖွင့်လို့ လိမ်းရန်လက်လှမ်းမိချိန် ကုတ်သွားသော ခြေတစ်စုံ။

" မလိမ်းပေးနဲ့ ထွက်သွား "

ဘယ်ဘက်ခြေထောက်ကို ဆွဲယူကာ လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားလိုက်သည်။ နာကျင်နေသူသည် ဘယ်လိုမှ မရုန်းနိုင်။

" ချစ်လားဟင် "

" မချစ်ချင်တော့ဘူး "

" တော်ပါသေးရဲ့ ချစ်နေသေးတာပဲ "

" ထွက်သွားခွင့်ပြုပါတော့လား မိုးသားနီရယ် "

ဆေးလိမ်းပေးနေရာမှ ရုတ်တရက်ကြားလိုက်ရသည့် စကားကြောင့် လှုပ်ရှားနေသော လက်တစ်စုံမှာ ငြိမ်ဆေးမိသွားသလိုပင်။ မော့ကြည့်လိုက်မိစဉ် အရည်ကြည်များဝေ့နေသော မျက်ဝန်းညိုနှင့် ဆုံ၏။

" မရဘူး မနှင်းဆီ၊ ဘယ်လိုနည်းနဲ့မှ ထွက်သွားခွင့်မပြုနိုင်ဘူး "

" အတ္တတွေ ... အဲ့အတ္တတွေကို သိပ်မုန်းတယ် "

" မုန်းလိုက်၊ စိတ်ရှိတိုင်းသာ မုန်းပြစ်လိုက်။ တစ်ခုပဲ ထွက်သွားဖို့ မစဉ်းစားနဲ့ "

အခန်းတံခါးကို ဝုန်းခနဲ ပိတ်သွားသူကြောင့် အသံတိတ်ငိုကြွေးမိသည်။ ထွက်ခွာသွားသူ၏ နောက်ကျောပြင်မှာ ဝမ်းနည်းမှုတွေအား တနင့်တပိုး ထမ်းထားရသလိုလိုနှင့်။

ထွက်သွားချင်ပါပြီ ကလေးငယ်ရယ်။
အန်တီ့အသက်အရွယ်နဲ့ ရူးမိုက်နေဖို့မှ မသင့်တော်ပဲ။ ပြီးတော့ အိမ်ထောင်ရေးတစ်ခု ပျက်စီးသွားပြီးမှ ရရှိလာတဲ့ လွတ်လပ်မှုကိုလည်း မမက်မောနိုင်ပါဘူး။ တောင်းပန်ပါတယ်ပဲ ပြောနိုင်တော့မယ်ကွယ်။

Silence In The Mirror (completed)Where stories live. Discover now