အပိုင်း နှစ်ဆယ့်ရှစ်။

4.7K 391 7
                                    

သုံးနှစ်ခန့်ကြာသော် ~

" အနီရေ ထတော့လေ "

အိပ်ခန်းတံခါးအား အနည်းငယ်ဟကာ လှမ်းနိုးလိုက်သောအခါ စကားပြန်ပင် ထူးဖော်မရပဲ အိပ်မောကျနေသူ။ ညက ရုပ်ရှင်ကြည့်နေကြတာနှင့် အချိန်လွန်သွားသည်မို့ ယခုထိ အိပ်ရေးမဝသေးတာဖြစ်မည်။ ဒီတိုင်းသာ ဆက်အိပ်နေရင်လည်း ခရီးသွားဖို့ ကြန့်ကြာနေမည်စိုး၍ မနိုးရက်ပါသော်လည်း ကြွယ် နိုးရတော့မည်။

စောင်ပုံကြားထဲမှ တစ်စွန်းတစ်စပေါ်နေသော နဖူးပြေပြေလေးအားတစ်ချက်၊ ဆံနွယ်ပျော့ပျော့လေးတွေဆီသို့ တစ်ချက် အနမ်းခြွေမိ၏။ ထိုသည်အထိ မနိုးလာသော အဆိုးလေးကြောင့် ကြွယ် ပြုံးလိုက်ရသည်။

ဂွမ်းစောင်အညိုရောင်အား ခန္ဓာကိုယ်မှာဖယ်လိုက်သောအခါ မျက်နှာလေးစူပုတ်ကာ တစ်ဖက်သို့လှည့်သွား၏။ မျက်ဝန်းအိမ်လေးမှာတော့ ပိတ်ကားချထားသလိုပင် ယခုထိ ပွင့်မလာသေးပါ။

" အိပ်ချင်သေးတယ်ဆိုလည်း ကားပေါ်ရောက်မှ ဆက်အိပ်လေနော်။ အခုတော့ အိပ်ရာကထပြီး ပြင်စရာရှိတာ ပြင်ကြရအောင် "

" နိုး နိုး "

" နိုးလုပ်မနေနဲ့ ဆက်အိပ်နေမယ်ဆိုရင် အနီ့ကို ထားခဲ့ပြီး တစ်ယောက်တည်းပဲ သွားလိုက်မှာနော် "

ထိုအခါမှသာ ကမမ်းကတမ်းကောက်ထသူကြောင့် ဟက်ဟက်ပက်ပက် ကြွယ် ရယ်မောလိုက်မိ၏။ အိပ်ရာမှ အစောကလေးတင် ထထားသည်မို့ ရှုပ်ပွနေသော ဆံနွယ်လေးများအား တယုတယ သပ်တင်ပေးမိသည်။ နှုတ်ခမ်းလေးစူထားပုံအရ ထားခဲ့မယ်လို့ ပြောလိုက်ခြင်းအား စိတ်‌ကောက်သွားခြင်းဖြစ်မည်။

ခပ်ဖောင်းဖောင်းလေးဖြစ်နေသည့် ပါးနှစ်ဖက်အား တစ်လှည့်ဆီ နမ်းရှိုက်လိုက်ပြီး စကားဆိုမိသည်။

" ဒီတိုင်းစကားဖြစ်ပြောလိုက်ရုံပါ၊ အဲ့တာကြောင့် အနီက မေမေ့ကို စိတ်မဆိုးနဲ့နော် "

" နောက်ဆို အဲ့လိုမပြောနဲ့ "

" ဟုတ်ကဲ့ပါရှင်၊ နောက်ဆို မေမေကပဲ ဆင်ဆင်ခြင်ခြင်နဲ့ စကားကိုထိန်းပြောပါ့မယ်။ ကျေနပ်တော့နော် "

Silence In The Mirror (completed)Where stories live. Discover now