အပိုင်း နှစ်ဆယ့်လေး။

4.7K 417 13
                                    

ဒီဇင်ဘာ တစ်ဆယ့်သုံးရက်နေ့။
ယနေ့သည်ကား မိုးသားနီ၏ မွေးနေ့ရက်မြတ်ပင်။

" Happy Birthday ပါ ကလေးငယ် "

မွေးနေ့ရှင်မရှိသော မွေးနေ့ပွဲလေးတစ်ခု။
ထိုနေရာတွင် ပန်းချီကားတစ်ချပ်၊ ဖိနပ်တစ်ရံနှင့် စာတစ်စောင်။ ပြီးနောက် ခြောက်သွေ့နေပြီဖြစ်သည့် နှင်းဆီပန်းစည်း နှစ်စည်း။

" အမှတ်တရဆိုလို့ အန်တီမှာ ဒါတွေပဲရှိတယ်။ အင်း  ဝေးကြရမယ်မှန်းသာ ကြိုသိရင် ဓာတ်ပုံလေးတစ်ပုံလောက်ပဲဖြစ်ဖြစ် ခိုးသိမ်းခဲ့ပါတယ် "

ချစ်ရသူရဲ့ အငွေ့အသက်တွေ ကျန်ရစ်ခဲ့သော ဒီအခန်းလေးထဲ ဝင်ရမှာသိပ်ကြောက်မိပေမယ့် မဝင်ပဲနဲ့ တစ်ရက်လေးတောင် မနေနိုင်ခဲ့ပါဘူး။ ဆိုပြခဲ့ဖူးသော သီချင်းလေးတွေကို နားထောင်ဖြစ်ဖို့ မရည်ရွယ်ပေမယ့် အကြိမ်ကြိမ် နားထောင်နေမိသားပါ။ ထိုအခါတိုင်း ဒီရင်ဘတ်ထဲ တင်းကြပ်ရပြီး ငိုရပေါင်းလည်း မနည်းတော့။

သိပ်ချစ်လို့ နှင်ခဲ့တာပါ။ ပြန်မလာမှာကိုတော့ တကယ်ကြီး စိုးထိတ်မိပါတယ် ~

နေတတ်ရင် အသာကြီးပါဆိုပေမယ့် မနေတတ်တော့လည်း အသက်လွတ်ကြီးလွမ်းရ‌တာပေါ့။
ဝရံတာမှာ ထွက်ရပ်တိုင်း အနက်ရောင်ပြိုင်ကားလေး အလာကိုပဲ မျှော်နေမိတယ်။ နှင်းဆီပန်းတွေ ရေလောင်းတိုင်း ဘေးနားကနေ မမှိန့်မသုန်ရပ်ကြည့်တတ်တဲ့ ခပ်ပေပေအဆိုးလေးကို မြင်ယောင်မိပြန်ရော။ ဈေးသွားရင်း လမ်းမှာ စီးကရက်သောက်နေတဲ့ လူငယ်လေးတွေကိုမြင်ပြန်တော့ ကားမောင်းနေရင်တောင် စီးကရက်အသောက်မပျက်‌တဲ့ မိုးသားနီကို လွမ်းမိပြန်သည်။

မလွယ်ဘူး ကလေးငယ်
မြင်မြင်သမျှ အရာရာဟာ လွမ်းဆွေးဖွယ် အတိတ်ကို ထင်ဟပ်စေနေတာမို့ ရှင်သန်နေရတာ တကယ်မလွယ်ဘူး။

ခင်ဗျားငိုတာမကြိုက်ဘူးလို့ အမြဲပြောတတ်တဲ့ ကလေးငယ်။ အန်တီရဲ့ အခုပုံစံသာမြင်ရင် အဲ့စကားလေးကို ဆူအောင့်အောင့်နဲ့ ပြောနေဦးမယ်မလား။ အင်း ဒါလည်းသတိရသွားရပြန်ပါပြီ။

အချိန်အားဖြင့် မနက် ၁၁နာရီ၊ ဒီဇင်ဘာ တစ်ဆယ့်လေးရက်နေ့။

ဝင်လာတဲ့ဖုန်းကောလ်လေးက မင်းအကြောင်းကို ဦးတည်နေသတဲ့။ တစ်ဖက်လူရဲ့အသံက နားစည်ကိုဖြတ်လို့ နှလုံးသားထဲထိ ရောက်ရှိသွားပုံ။ တစတစနဲ့ တိုက်စားလိုက်ပုံများ အန်တီ့ရင်ဘတ်ကြီးတစ်ခုလုံး ရစရာကို မရှိတော့ဘူးကွယ်။

Silence In The Mirror (completed)Where stories live. Discover now