အပိုင်း နှစ်ဆယ့်ခြောက်။

4.4K 353 8
                                    

နေပြန်ကောင်းခါစမို့ အိမ်တွင်သာ နားနားနေနေရှိစေချင်သော်လည်း အလုပ်ကြိုးစားသော မောင်သည် တစ်ရက်လေးမျှပင် ထပ်မနားတော့ပါ။ မနက်ရှစ်နာရီလောက်ထဲက လွန်းပိုင်ကို လာခေါ်ခိုင်းပြီး သူနဲ့အတူ လိုက်ပါသွားသည်။

ထမင်းစားပွဲဝိုင်းပေါ်တင်ထားသော သုံးဆင့်ချိုင့်လေးအား ကြည့်ရင်း ကြွယ် သက်ပြင်းကိုသာ ချနေမိ၏။ စားစေချင်သောစိတ်ဖြင့် ကြွယ်ကိုယ်တိုင် မီးဖိုခန်းထဲဝင်ကာ ဖွယ်ဖွယ်ရာရာ ချက်ထားခဲ့ပေမယ့် လွန်းပိုင်ဆီမှ ဖုန်းကောလ်လေးအဝင်တွင် ရှိရှိသမျှအင်အားတို့ ချိနဲ့သွားရသည်။

" နိုင်ငံခြားက ဧည့်သည်တွေလာလို့ သူတို့နဲ့အပြင်ကို ပါသွားတယ် " တဲ့လေ။
ဝမ်းနည်းရပေမယ့် ဖြေသာပါသေး၏။
မေမေ့ဆီသွားသည်ဟူ၍ ပြောလာခဲ့ပါလျှင် ဒီထက်မက ကြွယ်ပိုဝမ်းနည်းရမှာ။ ပိုပြီးတော့လည်း တုန်လှုပ်သွားရမှာ ဧကန်အမှန်ပင်။

ကနေဒါမှလာ‌သော အရေးကြီးဧည့်သည်တစ်ချို့နှင့် နေ့လည်စာအား နာမည်ကြီးစားသောက်ဆိုင်တစ်ခုတွင် သွားရောက်သုံးဆောင်ဖြစ်သည်။ ကနေဒါမှလာပေမယ့် ထိုလူတွေထဲတွင် မြန်မာလူမျိုးနှစ်ယောက်လည်းပါ၏။

" ဒီညကျရင် ကျွန်တော့်အိမ်မှာ ပါတီအသေးစားလေးရှိတယ် လာခဲ့ပါလား မဒမ် "

" အိုကေ လာခဲ့ပါ့မယ် "

" ကျေးဇူးဗျာ ဒါနဲ့ဒေါ်လွှမ်းနှင်းဆီကိုလည်း ခေါ်ခဲ့ဦးနော် "

ဝိုင်ခွက်ကိုလှမ်းနေသော မိုးသားနီရဲ့လက်လေးတန့်သွားရ၏။ ထိုစကားအားဆိုလာသူကို ကြည့်မိလေတော့ အေးအေးလူလူသာ။
ဘယ်လိုမှားယွင်းချက်ကြီးပါ့လိမ့်။
ပါတနာအဖြစ် ဇနီးသည်ငယ်သွေးကြွယ်အား ခေါ်လာရမည်မဟုတ်ပါလား။ ဘယ့်နှယ့် ယောက္ခမကို ခေါ်လာရမယ်တဲ့တုန်း။

" သူ့ကို ဘာလို့ခေါ်ရမှာလဲ "

" ဟာဗျာ အရင်ပါတီတွေတုန်းကလည်း သူ့ကိုပဲ ခေါ်လာတာလေ။ အဲ့တာကြောင့် ကျွန်တော်က စကားကွန့်ပြီးထပ်ပြောမိတာပါ "

အလုပ်ဆင်းချိန်အထိ မိုးသားနီတစ်ယောက် မျက်မှောင်အားစုကျုံ့ထားသည်။ ပြန်ဖို့ရာလည်းမပြင်သလို လွန်းပိုင်ကိုလည်း ဘာတစ်ခွန်းမှ စကားမဟ။

Silence In The Mirror (completed)Where stories live. Discover now