အပိုင်း တစ်ဆယ့်လေး။

4.8K 378 10
                                    

" နှင်းဆီကိုပဲ ချစ်တယ် "

" ဟင့်အင်း အဲ့လိုလုပ်ပိုင်ခွင့် မရှိဘူး မောင် "

ချွေးတရွဲရွဲဖြင့် နိုးထလာရသော ညည့်နက်သန်းခေါင်။ ဘေးနားရှိ နေရာလွတ်အား ကြည့်မိပြန်တော့ ရင်ထဲသို့ လှိုက်ခနဲ။ အခန်းထဲသို့ မျှော်လင့်ချက်ခပ်မှိန်မှိန်အား ဆုပ်ကိုင်ထားရင်း ဝေ့ဝဲကြည့်လိုက်မိသည်။ မိုးသားနီ ရှိမနေခဲ့ ...

အိမ်မက်ဆိုးတွေက မောင်မရှိလို့ ဖြစ်တည်လာသလား။ မောင်ကပဲ အိမ်မက်တွေအထိ မလှပစေသလား။

စားပွဲပေါ်ရှိ နာရီလေးအား လှမ်းယူကာကြည့်မိတော့ အချိန်အားဖြင့် မနက်ဝေလီဝေလင်း လေးနာရီတိတိ။ စိုးထိတ်မှု‌သည် မောင့်ထံသို့ ရောက်ရှိသွားလေတော့ အိမ်စီးဖိနပ်ပင် မပါ‌တော့ချေ။ အခန်းတံခါးအား ပိတ်မိသည်လားလည်း ကြွယ်မတွေးနိုင်တော့။ မောင့်အလုပ်ခန်းရှိရာဆီ ဦးတည်သွားနေမိသည်။

" မောင်ရေ "

တိုးလျသော စကားသံသည် တိတ်ဆိတ်‌သော လေထုထဲ၌ တိမ်မြုပ်သွားရ၏။
အလုပ်ခန်းထဲရှိ ဆိုဖာပေါ်တွင် လှဲကာအိပ်နေသော ချစ်ရသူ။ ထိုမြင်ကွင်းသည် မက်ခဲ့‌သောအိမ်မက်ထက်ပင် ဒီရင်အား ပိုနာကျင်စေလေသည်။

" မောင် "

အတည်ပြုစေရန် အလို့ငှာ ဒုတိယအကြိမ် ထပ်မံခေါ်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဟန်ရှိ‌သော မောင်သည် ကြွယ့်အသံအား ကြားပုံမပေါ်။

" မောင့်ဆီမှာ ဒီဆွဲကြိုးလေးရှိနေသေးတာလား။ တကယ်ကြီး မောင် သိမ်းထားခဲ့တာပေါ့လေ "

ဒီတစ်ကြိမ်၌ ကျလာသော မျက်ရည်တို့သည် ပျော်၍ပင်ဖြစ်လေ၏။ မိုးသားနီဆိုသော အမျိုးသမီးမှာ ရသစုံသော ပြဇာတ်တစ်ခုနှင့် အလားသဏ္ဍာန်တူသည်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ တစ်စုတစ်စည်းထဲ ရရှိနိုင်သော နေရာ။ စိတ်အပန်းဖြေခြင်းနှင့် စိတ်ရှုပ်ထွေးစေခြင်းတို့အား စွမ်းနိုင်သော ‌အရပ်အဝန်း။

" ကြွယ် ဘာဆက်လုပ်ရမလဲ မောင်ရယ် "

နဖူးထက် ဝေ့ကျနေသော ဆံနွယ်တို့အား ခပ်ဖွဖွထိတွေ့လိုက်သည်။ ထို့နောက် ပါးပြင်နုနု ... မနေနိုင်စွာ မောင့်နှုတ်ခမ်းအား ထိကပ်ကာ နမ်းရှိုက်လိုက်မိ၏။ ထိုသည်အထိ မောင် နိုးမလာခဲ့ပေ။

Silence In The Mirror (completed)Where stories live. Discover now