Unicode
ကျွန်မတို့ အဲ့ဒီရွာထဲကို ဝင်လာသည့်အခါ ညနေ လေးနာရီ ခွဲပြီ ဖြစ်၏။ အစီအစဉ်ချထားပေးမည့် ခရီးသွားဝန်ဆောင်မှု အဖွဲ့မှ လူတစ်ယောက်က ကျွန်မတို့ကို ရွာထဲက မူလတန်း ကျောင်းရှေ့မှာ ဆိုင်ကယ်နှင့် စောင့်နေသည်။ ကိုဇေယျာ၏ကားက မမရီ နောက်မှ ဖြည်းဖြည်းလိုက်လာသည်။
အဲ့ဒီကျောင်းရှေ့ကနေပြီး ဆယ်မိနစ်လောက်ဆက်သွားပါက ရွာ၏ အပြင်ဘက်မှ တောင်ကုန်းပေါ်တွင် ရွက်ဖျင်တဲတွေ ချထားပေးပြီးပြီဟု ထိုလူက ပြောပြသည်။တောင်ကုန်းဆိုပေမယ့် အတော်လေး မြင့်ပါသည်။ သို့သော် တောင်ထိပ်မှာတော့ မြေပြန့်ပြန့်က ကျယ်ဝန်းသည်။ ရွက်ဖျက်တဲ ဆယ့်ငါးလုံးခန့်ကို စနစ်တကျ စီချထားပေးပြီး သူ့အဖွဲ့နှင့် မီးဖိုဖို့ ထင်းပုံတွေ ပြင်ဆင်ထားပေးသည်ကိုလည်း မြင်ရသည်။ ပြီးတော့ စားပွဲဝိုင်းလေးတွေကအစ မီးပုံဘေးမှာ ရှိသည်။ ကားပါကင်နှင့် ယာယီ အိမ်သာလေးတွေကိုလည်း တွေ့ရသည်။
ကျွန်မတို့ နေရမည့် ရွက်ဖျင်တဲကို သိရှိပြီးနောက် ကားပေါ်က ပစ္စည်းအစုံကို ချရသည်။ ယောကျာ်းလေးတွေက လေးယောက်အိပ် အကြီးဆုံး ရွက်ဖျင်တဲကို ယူပြီး မေကျော်တို့ သုံးယောက်က အလတ်ကို ယူသည်။ သူတို့ တဲတွေနှင့် ယှဉ်တော့ ကျွန်မတို့၏ နှစ်ယောက်အိပ်တဲလေးက သေးငယ်နေသလို ရှိသည်။
တဲက အောက်အခံမှာ မွေ့ရာလိုမျိုး လေဖောင်းခံထားပေးပြီး အပေါ်က အခင်း ထပ်အိပ်လိုက်ရုံသာ ဖြစ်သည်။ မမရီ၏ ကားထဲတွင် စောင်နှင့် အခင်းကို စည်းထည့်ထားသော အထုပ်ကြီး တစ်ထုပ်ပါသည်။
မမရီက ရောက်ရောက်ချင်းပင် အခင်းကို နှစ်ထပ်ခင်းကာ ပစ္စည်းတွေကို သပ်သပ်ရပ်ရပ် ထည့်သည်။
အခု ကြည့်ကြည့်မှ သူဝယ်လာခဲ့သည့် မုန့်ထုပ်တွေလည်း မနည်းပါလား။ အဲ့ဒါတွေကိုတော့ မီးပုံဘေးက စားပွဲပေါ်သွားတင်ရသည်။ဆယ်မိနစ်နီးပါးပင် မကြာပါ။ မမရီ အိပ်ရာခင်းတာ ပြီးသွားသည်။ ဂွမ်းကပ်အခင်းနှစ်ထပ်ပေါ်မှာ ခေါင်းအုံးနှစ်လုံးကို စီစီရီရီချ၏။ အဝတ်တွေထည့်သည့် အိတ်နှစ်အိတ်ကို ခြေရင်းမှာ ထားလိုက်သည်။ Power Bank နှင့် ရေနွေးအိတ်ကို ထုတ်သည်။ ပြီးတော့ ထောင်လို့ရသည့် LED မီးအိမ်လေးကို ချသည်။ နောက်ဆုံး သူက စောင်ထူထူနှစ်ထည်ကို ထုတ်ကာ ကျန်သည့် အခင်းနှင့် စောင်ကို မေကျော်တို့ဆီ သွားပေးခိုင်းသည်။
YOU ARE READING
အကယ်၍သာ