ကျွန်မ နိုးလာသည့်အခါ မမရီက အိပ်ရာထဲမှ မထသေးဘဲ တံတောင်ဖြင့် ထောက်ကာ ဘေးတစောင်းလေး နေပြီး ကျွန်မကို ငုံ့ကြည့်နေ၏။
တစ်နှစ်အတွင်း တစ်ခါမှ ဒီလို မကြည့်ခံခဲ့ရသဖြင့် မျက်လုံးဖွင့်ဖွင့်ချင်း မမရီ မျက်နှာကို မြင်လိုက်ရသည့်အခါ ကျွန်မ စိတ်ထဲ ကြည်နူးမှုနှင့် အတူ ရှက်ရွံ့မှုပါ တစ်ပြိုင်တည်း ပေါ်ပေါက်လာ၏။ ကျွန်မ ဆံပင်တွေ သိပ်များ ပွနေမလား၊ (မဂန္ဓမာကို အားကျ၍ ကျွန်မ ဆံပင် အရှည် လိုက်ထားခဲ့ပါသည်) ပြီးတော့ နှုတ်ခမ်းထောင့်မှာ သွားရည်အကြွင်းအကျန်တွေများ ရှိနေမလား၊ ထိုသို့ တွေးမိ၍ ပါးစပ်ကို လက်ဝါးဖြင့် ခပ်မြန်မြန် အုပ်လိုက်မိသည်။"မမရီ နိုးနေတာ ကြာပြီလား"
မမရီက ခေါင်းကို ညိတ်ပြသည်။ နှုတ်နှင့် ပြန်မဖြေ၍ အားမရစွာ မမရီ ကိုယ်လုံးလေးကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည်။ မမရီက တံတောင်ထောက်ထားသည့် လက်ကို ချကာ ကျွန်မ ခေါင်းကို သူ့လက်မောင်းပေါ် တင်သည်။ လက်မောင်းလေးသည် အရင်ကနှင့် ယှဉ်လျှင် အနည်းငယ် သေးနေသလို ရှိသည်။ မမရီ အတော်လေး ပိန်သွားတာကို ကျွန်မ မနေ့ကတည်းက သတိပြုမိသည်။ မမရီကို သေသေချာချာ ဂရုစိုက်ပြီး အရသာ ရှိတာတွေ စားခိုင်းဦးမှ ဖြစ်မှာပါ။
ဖက်ထားတာကို ပြန်ဖြည်လိုက်သည့်အခါ မမရီက ကျွန်မကို သူ့လက်ပေါ်မှာ ပက်လက်အိပ်စေကာ မျက်နှာကို မမှိတ်မသုန် စိုက်ကြည့်ပါတော့၏။ အစကတော့ ကြည်နူးစရာပင်မယ့် အချိန်အနည်းငယ် ကြာလာတော့ ကြည့်ခံရသည့် ကျွန်မပင် နေရခက်လာ၏။ ထို့ကြောင့် မျက်လုံးကို မမရီဆီမှ ဖယ်ခွာပြီး အခန်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိသည်။ နံရံပေါ်မှ ကျွန်မ ဓါတ်ပုံလေးတွေဆီ အကြည့်ရောက်သွားသည်။ မနက်ခင်းတိုင်း မမရီက ဒီပုံတွေကို ကြည့်ဖြစ်မှာ ဆိုသည့် စိတ်ဖြင့် ကျေနပ်သွား၏။
အခန်းအရောင်က အစိမ်းရောင် ခပ်ဖျော့ဖျော့ ဖြစ်သည်။ မျက်နှာကြက်က စတုရန်းပုံစံရိုက်ထားသည့် သစ်သားကွက်တွေ ဖြစ်၏။ အောက်ဖက်ရွာမှ ဆိုင်ကယ်သံ၊ ကားသံများက တောင်ပေါ်အထိ ခပ်သဲ့သဲ့ ပျံ့လွင့်လာသည်။
နေပါဦး၊ ဒီနေ့က အင်္ဂါနေ့။ ဒါဆို မမရီ ဆေးရုံသွားဖို့ မရှိဘူးလား။ ညက လရောင်ဝင်ခဲ့သည့် မှန်ပြတင်းမှတဆင့် မနက်ခင်း ရောင်နီဖျော့ဖျော့က တိုးဝင်နေ၏။ မနက် ၆ နာရီခန့်တော့ ရှိပေလိမ့်မည်။
YOU ARE READING
အကယ်၍သာ