အပိုင်း ၅၁ ( The Emperor 1 )

3.1K 155 8
                                    

ဧကရာဇ်ရှင်

ဆောင်းဦးရာသီ ကုန်လွန်ပြီးနောက် တစ်ချိန်က စိမ်းလန်းခဲ့သော သစ်ရွက်များမှာ ရော်ရွက်ဝါများအဖြစ် ပြောင်းလဲသွားပြီး သစ်ပင်များပေါ်မှ ကြွေကျကုန်ကြသည်။

စစ်သူကြီး၏ခြံဝင်းတွင် သစ်ရွက်ကြွေများဖြင့် ပြည့်‌နေပြီး အစေခံများတွင် သန့်ရှင်းရေးလုပ်ရန် အချိန်မလောက်သောကြောင့် ချူထင်းရှို့သည် ရိုးရှင်းစွာပင် ၎င်းတို့ကို မရှင်းလင်းတော့ရန် အစေခံများအား မှာကြားခဲ့သည်။ ထို့ကြောင့် လေ့ကျင့်ရေးကွင်းပြင်တွင် သစ်ရွက်ကြွေများဖြင့် ပြည့်နှက်နေကာ မြင်ကွင်းမှာ ရှုမြင်ချင်စရာဖြစ်နေပြီး လွမ်းဆွေးဖွယ်ကောင်းနေသည်။

ယနေ့ တော်ဝင်ညီလာခံ မရှိသဖြင့် ချူထင်းရှို့ စိတ်သက်သာရာရပြီး မနက်စောစော၌ကပင် လေ့ကျင့်ရေးကွင်းပြင်တွင် လေ့ကျင့်နေခဲ့သည်။ သူ လှံကို ဝှီးခနဲ လွှဲယမ်းလိုက်သောအခါ မရေမတွက်နိုင်သော အဝါရောင်လိပ်ပြာကလေးများ လေထဲတွင် ပျံသန်းနေသကဲ့သို့ ညှိုးခြောက်ခြောက် ရော်ရွက်ဝါများက လှံ၏ ပြင်းအားအရှိန်ကြောင့် လေထဲတွင် ဟိုတစ်စုသည်တစ်စု ပြန့်လွင့်သွားကြသည်။

သူ လှံတစ်ချောင်းနှင့် လေ့ကျင့်နေသည်မှာ အချိန်တော်တော်ကြာနေပြီဖြစ်သည်။ တစ်ကြိမ်လေ့ကျင့်ပြီးတိုင်း သူ့ခန္ဓာကိုယ် ပြေလျော့သွားရုံသာမက သူ့စိတ်ခံစားချက်လည်း ပိုကောင်းလာသည်။ ခေါင်းမာသော ထိုလူအိုကြီးများနှင့် မနက်ဖြန် ရင်ဆိုင်ရမည့်အရေးကိုလည်း သူ သိပ်ပြီး မဆန့်ကျင်မိတော့ပေ။

ချူထင်းရှို့သည် စစ်သူကြီးတစ်ဦးဖြစ်ပြီး မြောက်ပိုင်းဒေသ၏ မှူးမတ်တစ်ဦးလည်း ဖြစ်ကာ ဧကရာဇ်မင်းမြတ်၏ အုပ်စိုးမှုအောက်တွင် ရှိသည့် အားလုံးသော တပ်များနှင့် မြင်းများကို တာဝန်ယူအုပ်ချုပ်ရသည်။ သို့သော် တိုက်ခိုက်ရန် အားနည်းလွန်းသော ထိုအရပ်ဘက်အရာရှိများနှင့် ရင်ဆိုင်ရသောအခါ သူ အမြဲတမ်း ခေါင်းကိုက်လာတတ်သည်။

ချူထင်းရှို့၏အဘိုးဖြစ်သူသည် ဧကရာဇ်ထိုက်ဇူနှင့်အတူ ကြီးမြတ်သော ချီမင်းဆက်၏ မိုင်ပေါင်းသိန်းသောင်းချီသော တောင်တန်းများနှင့် မြစ်များကို အနိုင်ယူသိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြောက်ပိုင်းဒေသကို စောင့်ကြပ်နေသော မြောက်ပိုင်းဒေသ၏ မှူးမတ်အဖြစ် အာဏာအပ်နှင်းခံခဲ့ရသည်။ မြောက်ပိုင်းဒေသသည် ချူထင်းရှို့၏ ကြီးပြင်းရာအရပ် ဖြစ်လာခဲ့သည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Donde viven las historias. Descúbrelo ahora