1K 101 7
                                    

မဟူတို့ခြံဝန်းသည်ကား ​နှစ်ရှည်သီးပင်စားပင်ကြီးများနှင့် မဟူတောထဲကနေနှုတ်ယူလာခဲ့သော အလှပန်းပင်များအမျိုးစုံအောင်စိုက်ပျိုးထားပြီး နေချင်စဖွယ်ကောင်းလှ၏။ အိမ်လေးသည်ကား ရေနံချေးဝအောင်အသုတ်ခံထားရ၍ တောင့်တင်းပြီး ခြံအလည်ကမြေကွက်လပ်တွင် ထီးထီးလေးတည်ရှိသည်။ နှစ်ဦးသားအတွက် အိမ်၏အကျယ်အဝန်းသည် အတော်ကျယ်သည်ဟုပြောရမည်ပင် ။

အိမ်နှင့် နှစ်ကိုက်သုံးကိုက်လောက်က ညီညာပြန့်ပြူးနေသောမြေပြင်ဖွေးဖွေးသာ ။ တပည့်များကကြုံရင်ကြုံသလို လာလှည်းကျင်းပေးသွားကြတာဖြစ်သောကြောင့်ရော အိမ်မှာအနေများသည့်သဘာပတိက အသန့်ကြိုက်သူပီပီ အမှိုက်တစ်စကအစ လိုက်ကောက်နေတတ်တာကြောင့်ရော မြေပြင်ပေါ်တွင်  သစ်ရွက်ကြွေတစ်ရွက်တောင်ရှိမနေပါချေ။

ခြံစည်းရိုးဟူသည်ကမရှိ ။ တောစပ်တွင် တစ်အိမ်ထဲသောအိမ်ဖြစ်၏။ နောက်ဖေးဘက်တွင် လူသုံးဖက်စာမျှ မန်ကျည်းပင်ကြီးတစ်ပင်ရှိပြီး ဘေးတွင် အတော်အတန်ကျယ်ဝန်းသည့် တစ်ဖက်ရပ်ဂိုထောင်လေးတစ်လုံးဆောက်ထား၏။ ဂိုထောင်တွင် ထပ်ခိုးလေးတစ်ခုပါကာ ဆန်၊ဆီနှင့် အသား၊ငါးရှားပါးသည့်ဆောင်းရာသီအတွက် ဝက်ပေါင်ခြောက်များ ၊ အမဲသားများကို ကျပ်တိုက်ပြီးသိမ်းဆည်းထား၏။ ထိုဂိုထောင်သည် မဟူ၏များပြားလှသော တပည့်တပန်းများ တခါတလေလာ​နေတတ်ကြသောကြောင့် ထိုအတွက်ပါ ထည့်သွင်းဆောက်လုပ်ထားတာဖြစ်ပြီး အိမ်မကြီးနီးပါး ခိုင်ခိုင်ခံ့ခံ့ရှိသည်။ ခြံဝန်းထဲမှာ သီးပင်စားပင်များစုံသောကြောင့် အသီးအနှံအတွက်က ပူစရာမလိုပေ ။ ရာသီအလိုက်သီးနှံများကို ခူးစွပ်စားရုံသာ ။

အိမ်မကြီးထဲတွင်တော့ ပင်မအခန်းနှစ်ခန်းရှိပြီး မဟူနဲ့သဘာပတိက တစ်ခန်းစီသီးသန့်နေကြ၏။ အိမ်ရှေ့ကဘုရားခန်းကတော့ အကျယ်ဆုံးပင် ။ နောက်ဖေးတွင် မီးဖိုချောင်တစ်ဆက်ထဲတွဲလျက်တည်ဆောက်ထား၏။ နွေရာသီတွင် အိမ်ရှေ့မှာကွပ်ပျစ်ချပြီး မဟူက သူ့တပည့်တပန်းများနှင့် သောက်တတ်စားတတ်သည်။

ညနေခင်းတွေမှာတော့ နေရောင်ကွယ်ပြီး လေလေးတဖြူးဖြူးစတိုက်လာပြီမို့ အိမ်ရှေ့ကွပ်ပျစ်နေရာက အတော်ထိုင်လို့ကောင်းသည်။ မဟူက သစ်မွှေးရောင်းလိုက်ရသည့်ငွေကိုခွဲဝေပေးလိုက်တော့ တပည့်တပန်းများက အိမ်တွင်ဝိုင်းတည်ချင်သည်ဟုတောင်းဆိုလာသဖြင်ခွင့်ပြုလိုက်သည် ။ မိုးချုပ်ခါနီးပြီဆိုတာနဲ့ လုပ်ငန်းခွင်ကပြန်လာကြသော တပည့်တပန်းများက တဖွဲဖွဲခြံဝန်းထဲဝင်လာကြပြီး သောက်ဖို့စားဖို့ပြင်နေကြသဖြင့် အိမ်လေးသည်ဆူဆူညံနေ၏။

နိယာမ(Desire)    [ခေတ္တရပ်နား]Tempat cerita menjadi hidup. Temukan sekarang