810 94 7
                                    

မနက်ခင်းနေစ,ထွက်သည်နှင့် စဝ်ခွန်သိုက်နှင့် သူ၏အသီးသီးသောအဖွဲ့သားများသည် သူတို့နှင့်သက်ဆိုင်ရာလားရာဒေသများသို့ ထွက်ခွာသွားကုန်ကြ၏။ စဝ်ခွန်သိုက်သည် မသွားခင်တွင် သူ၏မဆင်မခြင်လုပ်တတ်သည့်တပည့်ဖြစ်သူဆိတ်ကြီးအားလည်း အတန်တန်မှာလိုက်သေး၏ ။ ဤနယ်မြေသည် သေမင်းညီနောင်နယ်မြေဖြစ်၍ သူတို့ချမှတ်ထားသောစည်းကမ်းများကို အတိအကျလိုက်နာပြီး နှစ်ဦးသားကိုစိတ်အနှောက်အယှက်မဖြစ်အောင် သွားလာကြဖို့ပင်။

ထို့နောက် စဝ်ခွန်သိုက်ကိုယ်တိုင်လည်း သေမင်းညီနောင်နှင့်တွေ့ဆုံရန် ထွက်လာခဲ့လိုက်၏။ ကျန်လူများက ဤနယ်မြေ၏အစွန်အဖျားကနေဖြတ်သွားရုံဆိုပေမဲ့ သူကနယ်မြေအတွင်းထဲကဖြတ်သွားပြီး ဆွေးနွေးညှိနှိုင်းစရာကလည်းရှိနေသေးတာမို့ မဖြစ်မနေနယ်မြေပိုင်ရှင်တွေကိုတွေ့ဆုံဖို့လိုအပ်လေသည်။ ထို့ကြောင့် ပါးပါးနပ်နပ်ရှိသည့်တပည့်ဖြစ်သူနေမင်းအား အဖော်ခေါ်လျက် မဟူတို့နေထိုင်ရာအဝန်းအဝိုင်းထဲလှမ်းဝင်လာလိုက်၏။

'ဂီး.......

တောနက်ပိုင်းထဲဝင်လိုက်သည်နှင့် သစ်ရိပ်ဝါးရိပ်ကြီးများဖြင့် တောစပ်နှင့်မတူ စိမ်းညို့အုပ်မှိုင်းလျက် မိမိတို့အားစောင့်ကြည့်နေကြသောမျက်လုံးပေါင်းများစွာတို့အား အတွေ့အကြုံအရ အလိုလိုခံစားမိလိုက်ကြသည်။ စဝ်ခွန်သိုက်သည် တပည့်ဖြစ်သူအား မျက်ရိပ်ပြကာ သတိနဲ့နေဖို့အချက်ပြလိုက်သည် ။ နေမင်းကလည်း ပါးနပ်သူဖြစ်တာကြောင့် အသာအယာခေါင်းညိတ်ပြ၏။

လျှိုမြှောင်များနှင့် အတော်အတန်ရှည်လျားသည့်စမ်းချောင်းလေးတစ်ခုကိုဖြတ်ပြီးချိန်မှာတော့ မြေယာများကိုခုတ်ထွင်ရှင်းလင်းထားဟန် လူနေသည့်အရိပ်အယောင်များကို စတင်မြင်တွေ့လာရ၏။ မဟူတို့သည် တောစပ်မှာနေသည်ဖြစ်သော်လည်း စဝ်ခွန်သိုက်တို့ရောက်နေသည့် တောစပ်နေရာမှနေဆိုလျှင် တောင်နှင့်မြောက်လိုဖြစ်နေသဖြင့် အတော်သွားရ၏။ မနက်စောစောထွက်လာခဲ့၍သာ တော်သေးတော့သည်။

လူအရိပ်အယောင်ကိုမမြင်ရသေးသော်လည်း ပိုင်နက်နယ်မြေတစ်ခုခုကိုရောက်ပြီဟု အာရုံခံစားလိုက်မိတာကြောင့် စဝ်ခွန်သိုက်တို့တစ်တွေ ပတ်ဝန်းကျင်ကိုအနည်းငယ်စူးစမ်းရင်း ရှေ့ဆက်တိုးလာခဲ့လိုက်၏။

နိယာမ(Desire)    [ခေတ္တရပ်နား]Hikayelerin yaşadığı yer. Şimdi keşfedin