#Unicodeကြည်ကြည်လင်လင်နဲ့ပဲ နိုးထလာခဲ့သည့် ထယ်ယောင်းရဲ့မနက်ခင်း....။ အခန်းထဲရှိတိုင်ကပ်နာရီအားလှမ်းကြည့်လိုက်တော့ ရုံးတက်ချိန်ရောက်ဖို့ အချိန်အများကြီးလိုသေးသည်...။ သို့ပေမယ့် CEOရဲ့ အိမ်မှာရောက်နေတယ်ဆိုတဲ့အသိကြောင့် အပျင်းထူမနေတော့ပဲ ခပ်မြန်မြန်သာ အိပ်ရာကနေထလိုက်တော့သည်...။
မတ်တပ်ထရပ်လိုက်တာနဲ့ အောက်ထပ်ကနေကြားနေရတဲ့ အသံတွေကြောင့် ရေချိုးခန်းထဲတောင်မဝင်ဖြစ်တော့ပဲ အောက်ထပ်ကိုသာတန်းဆင်းသွားလိုက်တော့သည်...။
အိပ်ခန်းထဲအထိကြားနေရတဲ့ ထိုအသံတွေရဲ့ အဓိကတရားခံကတော့ Apron ကြီးဝတ်ပြီး မီးဖိုချောင်ထဲမှာ ကုပ်ကုပ်ကုပ်ကုပ်နဲ့အလုပ်ရှုပ်နေသည့် ချစ်လှစွာသော CEO ကြီးပင်...။
"အော်... ထယ်...! နိုးပြီလား...?"
ဘေးမှာရပ်ရင်းကြောင်ကြည့်နေမိတဲ့ ကိုယ့်ကိုလှည့်ကြည့်ကာ မေးလာတဲ့သူ...။ ရုံးမှာတွေ့နေကျ formal suit နဲ့မဟုတ်ပဲ အင်္ကျီအဖြူလက်တိုတစ်ထည်နဲ့အတူ ဘောင်းဘီရှည်အမည်းတစ်ထည်ကိုသာ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားလေ၏....။ ဆံပင်ကိုလည်း ရုံးမှာလို ဂျယ်လ်နဲ့လိမ်းကာ အကျအနသပ်တင်ထားခြင်းမဟုတ်။ ဆီတွေ ဂျယ်လ်တွေတစ်ခုမှလိမ်းထားပုံမရသည့် ဆံနွယ်စတို့က ခပ်ပြေပြေနဖူးထက် ဖွဖွလေးဝဲကျနေလေ၏....။
ရှင်းလင်းမြင်သာစွာမြင်နေရသည့် တက်တူးအပြည့်ပါတဲ့လက်တစ်ဖက်ဟာ မီးဖိုချောင်သုံး ဓားကိုကိုင်ထားပေမယ့် သူမို့လို့လားမသိ မလိုက်မဖက်ဖြစ်မနေ...။ ရုံးမှာတွေ့နေကျပုံစံမဟုတ်ပဲ မတွေ့ဖူး မမြင်ဖူးတဲ့ ပုံစံအသစ်အားမြင်လိုက်ရသည့်အတွက် ကိုယ်ကြောင်အလျက် ရပ်နေမိတာ...။
"ဟိတ်...! ကိုယ့်ကိုငမ်းနေတာပြီးဦးမှာလားကွ..."
ကိုယ့်နှာခေါင်းကို လက်ညှိုးလေးနှင့်လာထိရင်းပြောလာမှ ကိုယ့်မှာအတွေးကမ္ဘာထဲက ပြန်ထွက်လာမိတော့၏...။
"ဘာတွေလုပ်နေတာလဲ...? CEO နေရောကောင်းသေးလို့လား...?"
"ကောင်းပါပြီ၊ ကိုယ်က နေမကောင်းဖြစ်လည်း ပျောက်တာမြန်ပါတယ်...၊ မယုံရင်စမ်းကြည့်ပါလား...?"