#Unicode
ချစ်သူဖြစ်ပြီးတဲ့အချိန်ကစလို့ နှစ်ယောက်သားက သက်သက်ခွဲမနေတော့ပဲ တစ်ခါတလေ ဂျွန်က ကိုယ့်တိုက်ခန်းမှာလိုက်နေတတ်သလို၊ ကိုယ်ကလည်း ဂျွန့်အိမ်မှာလိုက်နေတတ်သည်...။ ဒါ့ကြောင့် ကိုယ့်တိုက်ခန်းမှာရော ဂျွန့်အိမ်မှာပါ နှစ်ယောက်လုံးရဲ့အဝတ်အစားတွေ ပစ္စည်းအသုံးအဆောင်တွေနဲ့ ပြည့်နှက်လို့နေ၏...။
ဒါပေမယ့် အဲ့ဒီလို တစ်ယောက်အိမ်တစ်ယောက်လိုက်မအိပ်ဖြစ်တာ နှစ်ညရှိပြီဖြစ်သည်...။ အကြောင်းကတော့ Company မှာရှယ်ယာရှင်အပြောင်းအလဲကိစ္စတွေနဲ့ ဂျွန်တစ်ယောက်နားချိန်မရတဲ့အထိအလုပ်ရှုပ်နေခြင်းပင်...။ ဒီနှစ်ညလုံးလည်း သူ့အိမ်ကိုတောင်မပြန်ပဲ Company မှာ ညအိပ်၏...။
ပထမညတော့ ထယ်ယောင်း အဖော်လုပ်ပေးကာဘေးကလိုအပ်တာတွေဝိုင်းကူလုပ်ပေးပေမယ့် ဒုတိယညကိုတော့ ဂျွန်က ကိုယ်အိပ်ရေးပျက်ပင်ပန်းမှာစိုးလို့ဆိုပြီး မလာခိုင်း...။ ဒီလိုနဲ့ပဲ မနေ့က ရုံးဆင်းကတည်းကနေ ညတစ်ညလုံး ဂျွန့်မျက်နှာလေးအားမတွေ့ရသေးတဲ့အပြင် ဒီနေ့တစ်မနက်လုံးလည်း အရှေ့တည့်တည့်ရှိရုံးခန်းထဲလာဖို့မပြောနဲ့၊ အရိပ်အယောင်တောင်မတွေ့ရသေးတာမို့ ထယ်ယောင်းမျက်နှာလေးမှာ ညှိုးချင်ချင်...။
ခုံပေါ်လက်ထောက်ကာမှိုင်လျက် ဂျွန်များဘယ်အချိန်ထွက်လာမလဲဆိုပြီး ဓာတ်လှေကားဆီကိုသာ တကြည့်ကြည့်နဲ့လုပ်နေသော ကိုယ့်အနား ဂျီမင်းက ရောက်လာကာ...
"ဘာတွေမှိုင်နေတာလဲ...? ရည်းစားဖြစ်တာ သုံးလလောက်ပဲရှိသေးတာကို ပြတ်သွားကြပြီလား...?"
"လွဲပါစေ ဖယ်ပါစေ...! ပက်ဂျီမင်း မင်းနော်...! ကျက်သရေမရှိတာတွေလာမပြောစမ်းနဲ့...! မင်းနဲ့မင်းလူကြီးလို ၂၄ နာရီမှာ ၂၃ နာရီလောက်က ရန်ဖြစ်ကြတယ်များမှတ်နေလား...? ငါတို့က တစ်ယောက်ကိုတစ်ယောက် ချစ်လို့တောင်မဝသေးတာကို မဟုတ်တာတွေလာမပြောနဲ့...!"
"ရိုးရိုးတန်းတန်းပြောလည်းရပါတယ် ကင်ထယ်ယောင်းရယ်...! ငါနဲ့ငါ့ဘဲကြီးကိုဆွဲမထည့်စမ်းပါနဲ့..."
"မဟုတ်လို့လား၊ ငါပြောတာနည်းတောင်နည်းဦးမယ်...! မင်းတို့နှစ်ယောက်ကတွေ့တိုင်းသတ်နေကြတာပဲလေ...!"