#Unicode
"ဒါနဲ့လေ ဂျွန်... ကျွန်တော်တို့တွဲနေတယ်ဆိုတာကို ရုံးမှာရှိတဲ့လူတွေသိလို့မဖြစ်သေးဘူးနော်..."
ရုံးသွားခါနီး ဂျွန့်ကိုပြင်ဆင်ပေးနေရင်း ပြောလိုက်တာကြောင့် ကိုယ်အင်္ကျီဝတ်ပေးတာကိုငြိမ်ခံနေသည့်ဂျွန်က မျက်မှောင်လေးကျုံ့ကာ ကြည့်လာရင်း...
"ဘာလို့လဲ ထယ်ရဲ့...? ကိုယ့်ရဲ့အသစ်စက်စက်ချစ်သူလေးကင်ထယ်ယောင်းက ကိုယ့်ရဲ့အပိုင်ပါလို့ လူတွေသိအောင် ကြေညာချင်တယ်လေ..."
"နောက်မှ ဂျွန်ကြိုက်သလောက်ကြေညာလို့ရတယ်...။ အခုတော့မဖြစ်သေးဘူးလေ...။ ကျွန်တော်တို့ ချစ်သူဖြစ်တာ နှစ်ရက်တင်းတင်းတောင်ပြည့်သေးတာမဟုတ်ဘူး။ တော်ကြာ ရုံးကလူတွေကနေတစ်ဆင့် ဂျွန့်မိဘတွေသိသွားရင် ဘယ်လိုလုပ်မလဲ...?"
"သိတော့လည်း ဘာဖြစ်လဲ...? စိတ်ပူစရာမရှိဘူး။ ကိုယ့်အဖေက သိပြီးသား၊ အဲဒါကြောင့် ဟိုတစ်ခါရုံးလာတုန်းက ထယ့်ဆီဝင်လာပြီးနှုတ်ဆက်သွားတာ..."
အင်္ကျီကြယ်သီးတပ်ပေးနေတုန်း ဂျွန့်ရဲ့စကားကိုကြားလိုက်ရတော့ ကိုယ့်မှာဘာပြောလို့ပြောရမှန်းတောင်မသိတော့။ တကယ်ပဲ သူ ကိုယ့်ကိုကြိုက်နေတယ်ဆိုတာကို တစ်လောကလုံးသိအောင် မောင်းတီးပြီးကြေညာထားသလားအောက်မေ့ရတယ်...။
"တကယ်လား...? အဲဒါမို့လို့ တစ်ခုခုတော့တစ်ခုခုပါပဲလို့ အဲ့တုန်းကထင်နေခဲ့တာ...။ ဂျွန်... ကျွန်တော့်ကိုကြိုက်နေတယ်ဆိုတဲ့အကြောင်း ခင်ဗျားမပြောပြရသေးတဲ့လူရော ရှိသေးရဲ့လား...?"
ရွဲ့ကာမေးလိုက်တော့ ဂျွန်က ခပ်သဲ့သဲ့ရယ်လေ၏...။
"တကယ်က ကိုယ်ကလိုက်ပြောတာမဟုတ်ပါဘူးကွာ...။ မင်းကိုချစ်တဲ့အချစ်တွေက တစ်နေ့ထက်တစ်နေ့ပိုပိုများလာတော့ ထိန်းချုပ်မရဖြစ်ပြီး လျှံထွက်ကုန်တာနဲ့ ဘေးကလူတွေသိသွားကြတာ..."
"အပိုတွေ..."
"မပိုပါဘူး... အဲဒါကြောင့် ဖုံးကွယ်နေလဲ တစ်ချိန်သိမှာအတူတူ အစကတည်းက ပြောပြလိုက်ရအောင်လို့ပြောတာ..."
"နေပါဦး ဂျွန်ကလည်း၊ ကျွန်တော့်ကိုအချိန်လေးတော့ပေးဦးလေ...။ အခုမှချစ်သူဖြစ်တာ နှစ်ရက်တောင်မပြည့်သေးပါဘူးဆို။ အနည်းဆုံး ကျွန်တော့်အဖွဲ့သားတွေကို ဗြုန်းခနဲမပြောပဲ ဖြည်းဖြည်းချင်းပြောပြချင်လို့။ အဲ့အချိန်လေးတော့ပေး...။ နော်...!"
