#Unicode
'ကိုယ်မင်းကိုတရားဝင်လိုက်တော့မှာ' လို့ပြောလိုက်တဲ့နေ့ကစလို့ ထယ်ယောင်းဘဝကတော့ CEO ဖြစ်သူရဲ့ နည်းပေါင်းစုံဖြင့် flirt ခြင်းကိုခံရတော့သည်...။
အလုပ်စားပွဲမှာကိုယ်စီထိုင်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ရှင်းရှင်းလင်းလင်းမြင်နေရတဲ့အနေအထားတွေမှာဆို မျက်စိတစ်ဖက်မှိတ်ပြတာတို့၊ မျက်စပစ်ပြတာတို့။ သူ့ရုံးခန်းထဲဝင်ပြီး ဖိုင်တွဲတွေဘာတွေသွားပေးရင်လည်း ဖိုင်တွဲကိုယူသလိုလိုနဲ့ လက်ကိုမထိတထိလာလာထိတာတို့၊ ဘာမှခိုင်းစရာမရှိလဲ ရုံးခန်းထဲကိုလာခိုင်းပြီးပြန်မလွှတ်တာတို့။ ဒါ့အပြင် လူတွေရှင်းတဲ့နေရာရောက်ရင် ကိုယ့်ပါးတွေ နဖူးတွေကို စိတ်လိုလက်ရ လာလာနမ်းတတ်တာက ပါသေးသည်...။
စိတ်ဆိုးဆိုးနဲ့ ဘုကြည့်ကြည့်လိုက်ရင် ပြန်ဖြေတတ်တာက 'ကိုယ်က မင်းနှုတ်ခမ်းလေးကိုတောင် တစ်ရုံးလုံးရဲ့အရှေ့မှာအနမ်းပေးချင်တာ ကိုယ့်အပိုင်ဆိုပြီး၊ မင်းရှက်သွားမှာစိုးလို့' တဲ့လေ...။
အော်... ပါးနဲ့နဖူးလေးတင် နမ်းတာကိုပဲ ကိုယ်ကကျေးဇူးတင်ရမလို...။
တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့ နည်းလမ်းတွေနဲ့ လူကိုရှက်ရအောင်လုပ်နေတဲ့ CEO ကြီးတစ်ယောက် ဒီနေ့လည်း ဘယ်လိုနည်းလမ်းတွေနဲ့လာဦးမလဲဆိုတာ သိချင်မိပါသေးသည်...။
"ဒီနေ့ CEO ရုံးမလာဘူးထင်တယ်..."
ဘေးက ဂျီမင်းပြောလာသည့်စကားကြောင့် အရှေ့ကိုကြည့်လိုက်တော့ နေရာလွတ်ဖြစ်နေတဲ့ CEO ရုံးခန်း...။ နာရီကိုကြည့်လိုက်တော့လဲ ရုံးတက်ချိန်ထက် တစ်နာရီနီးပါး ကျော်နေပြီဖြစ်သည်...။
"နောက်ကျတာနေမှာပေါ့..."
"ဟာ CEO လား နောက်ကျမှာ၊ ဒီလောက်အချိန်မှန်တဲ့သူဟာကြီးကို...။ စောစောတုန်းက အတွင်းရေးမှူးယူတောင် ငါတို့အဖွဲ့မှူးဆီလာပြီး အစည်းအဝေးမရှိတော့ဘူးလို့လာပြောသွားသေးတယ်...။ CEO ရုံးမလာလို့ဖျက်လိုက်တာနေမှာပေါ့..."
ဂျီမင်းကတော့ ပြောပြီးတာနဲ့ သူ့အလုပ်သူပြန်လုပ်နေပေမယ့် ကိုယ့်မှာတော့ အလုပ်ဆီအာရုံပြန်မစိုက်နိုင်တော့...။ ကိုယ်ဒီမှာအလုပ်စဆင်းတဲ့ သုံးလကျော်လုံးလုံး CEO အလုပ်မလာတဲ့နေ့ တစ်ရက်ကလေးတောင်မရှိခဲ့...။ အချိန်လည်းတိကျပြီး အလုပ်အပေါ်ဆို ပျက်ကွက်တာရှားတာမို့ CEO ဒီနေ့ရုံးမလာတာဟာ ကိစ္စကြီးကြီးတစ်ခုရှိမှာအသေအချာပင်။ ဒါမှမဟုတ် နေမကောင်းဖြစ်နေလို့များလား....။