#Unicode
အကျင့်ဖြစ်နေတဲ့မျက်လုံးတွေက ရုံးတက်ချိန်နိုးလာသည့်အတွက် ဘေးခုံပေါ်ရှိနာရီကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ တစ်ပတ်မှာ ရှားရှားပါးပါးရသည့် အလုပ်ပိတ်ရက်လေးမို့ ထချင်စိတ်မရှိပဲ စောင်ကိုခေါင်းအထိခြုံကာ ပြန်အိပ်ဖို့တွေးလိုက်ပေမယ့် ခေါင်းအုံးဘေးမှာထားထားတဲ့ဖုန်းက မြည်လာတာကြောင့် မထချင်ထချင်နဲ့ထလိုက်ရတော့သည်...။
မပွင့်တပွင့်မျက်စိနဲ့ ဖုန်းနံပါတ်အားကြည့်လိုက်တော့ ကိုယ်သိတဲ့ဖုန်းနံပါတ်မဟုတ်၊ မျက်မှောင်ကိုကျုံ့လိုက်ရင်း ဖုန်းကိုင်လိုက်တဲ့အခါ...
"ဟယ်လို...?"
"အခုထိ အိပ်နေတုန်းလား...? အသံက အိပ်ချင်မူးတူးအသံလေးနဲ့..."
တစ်ဖက်ကပြောလာတဲ့စကားကြောင့် ဖုန်းကိုနားကနေခွာလိုက်ရင်း တစ်ချက်ဘုကြည့်ကြည့်လိုက်သည်။ ဘာလားဟ...! လူကိုလာနောက်နေတာလား...။ ဘယ်ကမှန်းလဲမသိပဲ ငါ့အသံကိုများ အိပ်ချင်မူးတူးအသံလေးဘာလေးနဲ့။ သူများတကာအိပ်နေတာကို မနက်စောစောစီးစီးလာအနှောင့်အယှက်ပေးနေတာ ဒီဟာတွေ ဖုန်းသရဲတွေပဲနေမှာ...!
မှတ်လောက်သားလောက်အောင် ပက်ပက်စက်စက် ပြောပစ်လိုက်ဦးမယ်လို့တေးရင်း ဖုန်းကိုနားဆီပြန်ကပ်လိုက်လေတော့...
"ကိုယ် မင်းတိုက်အောက်မှာရောက်နေတယ်။ ပြင်ဆင်ပြီးအောက်ဆင်းလာခဲ့...!"
အမယ်... ဒင်းကပဲ ငါ့ကို ကိုယ်တွေ မင်းတွေနဲ့ အပေါ်စီးကနေလာပြောနေသေး...။ ဖုန်းထဲကနေတစ်ဆင့် ဆွဲထိုးလို့ရရင် ထိုးပြီးနေပြီ...။ ဒင်းက ဘယ်သူမို့လို့ ငါက ဒင်းအမိန့်ကိုနာခံ.... နေပါဦး...။
အားရပါးရဆဲဆိုပြီးမှ ဖျတ်ခနဲသတိရသွားသည်က ကိုယ့်ရဲ့ချစ်လှစွာသော CEO ကြီးကို...။ ကိုယ့်ကို ကိုယ်နဲ့မင်းဆိုပြီးသုံးနှုန်းတာ သူတစ်ယောက်ပဲရှိတာ....။ မဟုတ်မှလွဲရော သူများလား...။ မဖြစ်နိုင်တာ...။
"C...CEO လားဟင်...?"
"အင်း ဟုတ်တယ် မင်းရဲ့တစ်ဦးတည်းသော CEO...! ဘယ်လိုထပ်ပြီးမိတ်ဆက်ရဦးမလဲ...? အော်... မင်းရဲ့ CEO မဖြစ်ခင်တုန်းကတော့ မင်းနဲ့ကလပ်မှာတွေ့ပြီး အတူတူ..."