#Unicode
"ထယ်... ဒါလေး စားကြည့်...! ကောင်းတယ်..."
"ထယ်... အသီးအရွက်တွေပါထည့်စားလေ၊ အသားချည်းပဲမစားနဲ့..."
"ထယ်... အဲဒီ့ငါးကအရိုးများတယ်၊ ပေး... ကိုယ်အရိုးနွှင်ပေးမယ်...."
"ထယ်...."
ဂျွန်မိသားစုသုံးယောက်နှင့်အတူ ထယ်ယောင်းအပါအဝင်ဆို စုစုပေါင်းလေးယောက်ထိုင်နေကြသော ထမင်းစားဝိုင်းဆိုပေမယ့် ဂျောင်ကုတစ်ယောက်တည်းရဲ့စကားသံတွေကသာ စိုးမိုးလို့ထားသည်...။
မိဘတွေနဲ့တရားဝင်မိတ်ဆက်ပေးပြီးကတည်းက ဂျွန်မိသားစုရဲ့ အချစ်ခံလေးဖြစ်နေသည့် ထယ်ယောင်း...။ ရုံး၌ ဥက္ကဌကြီးဂျွန်ရဲ့သမက်လောင်း၊ CEO ဂျွန်ရဲ့သည်းသည်းလှုပ်လေးဟူ၍ နာမည်ကြီးသလို အိမ်မှာလည်း ဂျောင်ကုအမေရဲ့ ဖူးဖူးမှုတ်ခြင်းအား ခံနေရသူဖြစ်သည်...။ ရုံးပိတ်ရက်တွေဆို ယောက္ခမလောင်းရဲ့အိမ်မှာပဲ နှစ်ယောက်သား ထမင်းလာစားနေကျ...။
"ဂျွန်ဂျောင်ကုရယ်...! ငါမျက်စိတွေလည်းနောက်ပါတယ်...! ထယ်လေး သူ့ဘာသာသူကြိုက်တာထည့်စားမှာပေါ့...! မင်းသာငြိမ်ငြိမ်လေးစားစမ်းပါ...!"
ဂျွန့်ရဲ့ကဲသဲမှုတွေကြား နေသားကျနေပြီဖြစ်တဲ့ ထယ်ယောင်းတစ်ယောက်ကတော့ ပြောသမျှအထွန့်မတက်ပဲ စားနေပေမယ့် စားပွဲထိပ်မှာထိုင်နေသည့် ဥက္ကဌကြီးဂျွန်မှာတော့ အကဲပိုနေသော သားဖြစ်သူအားမျက်စိနောက်လာ၍ ထအော်လေတော့သည်...။
ထိုအခါ ဂျွန်ကလည်း တစ်ဖန်ပြန်ပြီး...
"အဖေလည်း ထမင်းစားရင် အမေ့ကိုဒီလိုပဲဂရုစိုက်ပေးနေကျမဟုတ်ဘူးလား...?"
"ငါက မင်းလောက်မဟုတ်သေးဘူးကွ...! မင်းက ဝါးမကျွေးရုံတမယ်ပဲ ကျန်တော့တာ...!"
အဖေဖြစ်သူစကားကို ဂရုမစိုက်ဟန် ဂျွန်က ပုခုံးတစ်ချက်သာတွန့်ပြသည်...။ တစ်ယောက်တစ်ခွန်းနဲ့ အစပျိုးနေပြီဖြစ်သော သားအဖနှစ်ယောက်ရဲ့ရန်ပွဲအား ကြည့်ရတာရိုးနေပြီဖြစ်တဲ့ ဂျွန့်အမေနဲ့ကိုယ်ကတော့ ထမင်းသာအေးအေးဆေးဆေးဆက်စားနေလိုက်သည်...။
ရုံးမှာဆို ဝန်ထမ်းတွေအကုန်လုံးလေးစားရပြီး တည်တည်ကြည်ကြည်နေတတ်ကြသည့် ဥက္ကဌကြီးဂျွန်နဲ့ CEO ဂျွန်တို့က သူတို့ရဲ့ကလေးဆန်တဲ့ဒီလိုပုံရိပ်ကို ချစ်ရသူတွေအရှေ့မှာပဲ သီးသန့်ထုတ်ဖော်တတ်ကြသည်...။
