#Unicode
နယ်မြို့ပီပီ မြို့ကြီးပြကြီးတွေလိုဆူညံမနေပဲ အေးအေးချမ်းချမ်းရှိလှသည့် ဒယ်ဂူမြို့တွင်းရှိနှစ်ထပ်တိုက်အိမ်လေးရဲ့ခြံဝန်းအရှေ့ ကားအနက်ရောင်တစ်စီးဆိုက်ရောက်လို့လာသည်...။
"သွားမယ်လေ... ဂျွန်...!"
ထယ်ယောင်းက ခါးပတ်ကြိုးကိုဖြုတ်ရင်း ပြောလိုက်ပေမယ့် ဘေးရှိ driver seat မှာထိုင်နေသော ဂျွန်ကတော့ အခုထိ ကားစတီယာတိုင်ပေါ်က လက်ကိုမဖယ်ရသေးပဲ မြင်နေရတဲ့ နှစ်ထပ်တိုက်ကိုကြည့်လိုက်၊ သက်ပြင်းချလိုက်နှင့် အလုပ်ရှုပ်လို့နေသည်...။ စိတ်လှုပ်ရှားနေပုံရသည့် ဂျွန့်အား တစ်ချက်ကြည့်ကာ ရယ်လိုက်ရင်း...
"ဘယ်လိုလဲ...? ပြောတော့ ခေသူမဟုတ်ပါဘူးဆို။ အခုတော့ အိမ်ထဲတောင်မဝင်ရသေးဘူး၊ အိမ်ရှေ့မှာတင်စိတ်လှုပ်ရှားနေပြီလား... CEO ကြီးရဲ့...။ ဟိုတလောက ရှယ်ယာရှင်တွေအရှေ့ မာန်အပြည့်နဲ့ပြောခဲ့တဲ့ CEO ကြီးက ဘယ်များရောက်သွားလဲ...?"
နေမထိ ထိုင်မထိ ဖြစ်နေသော ဂျွန့်ပုံစံကိုကြည့်ရင်း အသည်းယားလာသည်မို့ စနောက်လိုက်တဲ့အခါ ဂျွန်က နှာခေါင်းရှုံ့၍ ကိုယ့်ဆံပင်တွေကိုဆွဲဖွလို့လာပြီး...
"အဲဒါ မင်းလေးကြောင့်လေ...! အခုလို မဖြစ်ဖူးတဲ့ပုံစံတွေဖြစ်နေရတာ မင်းလေးကြောင့်...!"
ဂျွန့်စကားအဆုံး ကိုယ့်ခေါင်းပေါ်ရှိ ဂျွန့်လက်အားဆွဲယူကာ လက်ဖမိုးလေးအား နမ်းရှုံ့လိုက်ရင်း...
"အရမ်းကြီးမစိုးရိမ်ပါနဲ့...။ ဖုန်းဆက်တုန်းက ကြည့်ရတာတော့ အရမ်းခါးခါးသီးသီးမဟုတ်ပါဘူး...။ ပြီးတော့ ကျွန်တော်တစ်ယောက်လုံးရှိတာပဲဟာ...!"
ခေါင်းကိုကော့ ရင်ကိုမော့ပြီး ကိုယ့်ကိုကိုယ်လက်ညှိုးထိုးကာပြောလိုက်လေတော့ ဂျွန်က လက်နှစ်ဖက်ဖြင့် ကိုယ့်ပါးတွေကိုဆွဲညှစ်လို့လာသည်...။ ထို့နောက် ဆူထော်နေတဲ့နှုတ်ခမ်းပါးဆီ ပြွတ်ခနဲတစ်ချက် စုပ်ယူနမ်းရှိုက်လို့လာ၏...။
"ချစ်စရာကောင်းအောင် လုပ်ပြမနေနဲ့တော့...! လာ သွားကြရအောင်...!"
နှစ်ယောက်သား ကားပေါ်က ဆင်းလာပြီးနောက် ပိတ်ထားသည့် ခြံတံခါးအရှေ့ရပ်ကာ လူခေါ်ဘဲလ်ကိုနှိပ်လိုက်တော့ အိမ်ထဲကနေထွက်လာကြသည်က အသက်ကြီးကြီးအဖွားတစ်ယောက်နဲ့အတူ ထိုအဖွားကိုတွဲခေါ်လာသော အသက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်...။ နှစ်ယောက်လုံးက တောက်ပနေတဲ့အပြုံးတွေကိုယ်ဆီချိတ်ဆွဲလျက် ခြံတံခါးဆီလျှောက်လာကြသည်...။