#Unicode
ခေါင်းတွေထိုးကိုက်လျက် နိုးထလာရပြန်တဲ့ ထယ်ယောင်းရဲ့မနက်ခင်း...။ ညက Company ညစာစားပွဲမှာ ဂျီမင်းနဲ့အဖွဲ့မှူးတို့အတင်းတိုက်လို့ သောက်ခဲ့မိတာကိုသတိရတော့ ကိုယ့်ခေါင်းကိုယ်တစ်ချက်ပြန်ထုလိုက်မိသည်...။ ဒီလောက်မသောက်ရပါဘူးလို့ ကိုယ့်ကိုကိုယ်သတိပေးထားတဲ့ဟာကို...။
မျက်လုံးမပွင့်တပွင့်အခြေအနေနဲ့ပဲ ကိုယ်နေနေတဲ့အခန်းပတ်လည်ကိုစူးစမ်းကြည့်မိတော့ ရင်းနှီးမနေပေ။ ဂျီမင်းတို့များ ကိုယ့်အတွက်အခန်းငှားပေးထားတာလား။ ဒါပေမယ့် ငှားထားတဲ့အခန်းဆိုဒီလောက်သပ်ရပ်ပြီး အထက်တန်းကျမနေလောက်ပါဘူး။ ဒီလိုအဆင့်မြင့်မြင့်အခန်းထဲဘယ်သူကများ ငါ့ကိုခေါ်လာတာလဲ...။
တစ်ယောက်တည်းကုတင်ပေါ်ဟိုဘက်လှည့်၊ ဒီဘက်လှည့်နဲ့စဉ်းစားနေတုန်းမှာပင် အတွေးထဲဖျတ်ခနဲပေါ်လာသည့် ညကအကြောင်းတွေ...။ CEO... ဟုတ်တယ်...! ညက အရက်သွားယူမယ်လုပ်တုန်း CEO နဲ့တွေ့ခဲ့တာ...။ အဲ့ဒီ့နောက်...
"ကျွန်တော့်ရဲ့ချစ်လှစွာသော CEO ကြီး...!"
"ပူတယ်...!"
တစ်ခုချင်းဆီ ပြန်ပေါ်လာတဲ့မှတ်ဉာဏ်တွေကြောင့် အလျင်အမြန်အကြည့်ပို့မိသည်က စောင်အောက်ထဲရှိ ကိုယ့်ခန္ဓာကိုယ်ဆီ...။ ကိုယ့်အဝတ်အစားတွေဟာ ခန္ဓာကိုယ်ပေါ် ပုံစံမပျက်ရှိနေသည်ကိုတွေ့ရတော့မှ သက်ပြင်းတစ်ချက်ချလိုက်မိတော့သည်...။
ဒါပေမယ့် အပြည့်မချနိုင်သေး၊ တစ်ဝက်သာချနိုင်သည့်ဘဝ...။ ကိုယ့်အင်္ကျီကိုဆွဲချွတ်နေတဲ့ ကိုယ့်ပုံကိုယ်ပြန်မြင်ယောင်တိုင်း ကုတင်တိုင်နဲ့ခေါင်းနဲ့သာ ဆောင့်ပစ်လိုက်ချင်သည်။ ကင်ထယ်ယောင်းရယ်...! နောက်ဆို မင်းအရက်မသောက်စမ်းပါနဲ့တော့ကွာ...။
ထိုအချိန် အခန်းထဲထွက်လာသည့်တတောက်တောက်အသံကြောင့် ကုတင်ခြေရင်းကိုလှမ်းကြည့်လိုက်မိတော့ laptop တစ်လုံးနဲ့အလုပ်ရှုပ်နေပုံရသည့် CEO...။ ကိုယ်နိုးလာတာကို သိပုံမရသေး...။
"C...CEO..."
ခပ်တိုးတိုးအသံလေးဖြင့် အသံလေးထွက်ရုံမျှသာ ခေါ်လိုက်ပေမယ့် နားပါးလှသည့် CEO ကတော့ ချက်ချင်းမော့ကြည့်လို့လာသည်...။ ကိုယ်နိုးနေတာကိုတွေ့တော့ ပေါင်ပေါ်က laptop ကိုဘေးချကာ ထလာပြီး ကုတင်ခြေရင်းနားအထိလျှောက်လို့လာသည်...။
