#Unicode
လှေကားထစ်ကိုတစ်ထစ်ချင်းတက်နေသည့်ခြေထောက်တွေက လှမ်းချင်သလိုမလှမ်းချင်သလိုခြေလှမ်းတွေဖြင့်...။ လူက ဝိညာဉ်မရှိသလို ကြောင်တောင်တောင်နဲ့လျှောက်နေသော ကိုယ့်ကို တွေ့ခဲ့သမျှလမ်းကလူတွေကတော့ ထူးဆန်းသည်ဟုထင်သွားကြမှာမလွဲ...။ ဒါတွေကိုလဲဂရုမစိုက်အားပါပေ။ အခုခေါင်းထဲမှာ ညက ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကလွဲလို့တခြားမရှိ...။
"ဟယ်... ထယ်လေး... ဘယ်ကပြန်လာတာတုန်း မနက်အစောကြီး... ညကပြန်မအိပ်ဘူးလား...?"
ကိုယ်နေထိုင်ရာ သုံးထပ်တိုက်ခန်းလေးရဲ့အခန်းအရှေ့ဆီရောက်လေတော့ ဘေးအခန်းက အခန်းပိုင်ရှင်အဒေါ်ကြီးက အမှိုက်ထုပ်ယူပြီးထွက်လာရာ ကိုယ့်ကိုမေးလေ၏...။ သို့သော်လဲ သူ့အမေးကိုကိုယ်ပြန်မဖြေနိုင်ပါ။ ဒီတိုက်ခန်းဆီ ဘယ်လိုကနေဘယ်လိုပြန်ရောက်လာမှန်းတောင် ကိုယ်ကိုယ်တိုင်သေချာမသိ...။
ဘာမှပြန်မဖြေပဲအလွတ်ရနေတဲ့တိုက်ခန်း Password ကိုနှိပ်လိုက်ပြီး အခန်းထဲသာဝင်ခဲ့လိုက်တော့ အခန်းအပြင်မှာအဒေါ်ကြီးက ကြောင်တောင်တောင်နဲ့ကျန်ခဲ့လေ၏...။
အခန်းထဲရောက်တာနဲ့ အထဲအထိတောင်မလျှောက်နိုင်တော့ဘဲ တံခါးကိုပင်အမှီပြုကာ ခြေထောက်တွေက ခွေယိုင်ကျသွားတော့သည်...။
"အား...! ရူးနေပြီ ! ရူးနေပြီ ! ကင်ထယ်ယောင်း! မင်း ရူးသွားပြီ...!"
တံခါးနဲ့ခေါင်းကိုအခါခါရိုက်ရင်းတစ်ယောက်တည်းသာရှိသည့်အခန်းထဲတွင်စိတ်ကြိုက်အော်ဟစ်လိုက်မိတော့၏...။ တစ်ဖန် ညကပုံရိပ်တွေနဲ့မနက်က အဖြစ်အပျက်တွေကိုပြန်တွေးမိတဲ့အခါ ဆံပင်တွေကြားလက်ဖြင့်ထိုးဖွရင်း အရူးတစ်ယောက်လိုထပ်အော်မိပြန်တော့သည်...။
*Flashback Starts*
"ဟိတ်... ကိုယ်ပြောတာကြားလား...? ဒီလိုငြိမ်နေပုံထောက်ရင်တော့ ညကအကြောင်းတွေမှတ်မိသွားပြီထင်တယ်..."
ညက သူနဲ့ကိုယ့်ရဲ့ အဖြစ်အပျက်တွေအကုန်လုံး မှတ်မိပြီးတဲ့နောက် ဘာစကားမှမပြောတော့ပဲငြိမ်ကျသွားသည့်ကိုယ့်ကိုကြည့်ပြီး ပြောလာသောသူ့စကား...။ ကိုယ့်မှာတော့ သူ့ကိုမျက်နှာချင်းလဲမဆိုင်နိုင်၊ စကားလဲပြန်မပြောနိုင်ပဲ လက်ထဲက စောင်စကိုသာ ခပ်ကျစ်ကျစ်ဆုပ်ကိုင်ထားမိသည်...။