နူးညံ့ပြီးခပ်မွမွဖြစ်နေတဲ့ နှင်းရေခဲပွင့်လေးတွေက မြေပြင်တစ်လျှောက် အဖြူရောင်မွေးပွကော်ဇောနှယ် ခယနားခိုနေကြတယ် ။ အပင်အတက်အလက်တွေပေါ်မှာလည်းနှင်းခဲတွေက တင်ရစ်ကျန်ခဲ့တယ် ။
ရှောင်းမောင်မောင်း အကြောဆန့်လိုက်ပြီးနောက်
ထိုယောကျာ်းနောက်ကတကောက်ကောက်လိုက်လာခဲ့တယ် ။ ထိုယောကျာ်းကဖြင့် ဂေါ်ပြားအသေးတစ်ချပ်နဲ့ နှင်းတွေကိုထွင်းထုပြီး အရုပ်တစ်ရုပ်လုပ်နေတယ် ။ အနီးတစ်နေရာဆီမှ ဟိန်းဟောက်သံတိုးတိုးကြားလိုက်ရပြီးနောက် ခြင်္သေ့စွယ်ချွန်တစ်ကောင်က ထိုယောကျာ်းအနားကြောင်တစ်ကောင်လို ခပ်ချွဲချွဲလျှောက်လာပါတော့တယ် ။ ပုံမှန်ထက်ရှည်လျားချွန်မြတဲ့အစွယ်တွေက အမျိုးသားရင့်မာတစ်ဦးရဲ့ကိုယ်ကိုတောင်ထုပ်ချင်းပေါက် ဖောက်ဝင်နိုင်ပြီး လူ့လောကမှာတော့ မရဏခြင်္သေ့လို့ ဒေသလှည့်လည်လေ့လာသူဘုန်းတော်ကြီးတွေပြုစုခဲ့တဲ့ကျမ်းတော်မှ ဒဏ္ဍာရီအဆိုနဲ့ခေါ်ဝေါ်ကြတယ် ။ လူသားအများစုကတော့ဒီဒေသမှာပဲရှိတဲ့ ခြင်္သေ့စွယ်ချွန်တွေကိုမမြင်ဖူးဘူး ။ခြင်္သေ့ကိုအသာအယာပွတ်သပ်ပေးပြီး ဆော့နေတဲ့ထိုယောကျာ်းကိုမောင်မောင်းမျက်မှောင်ကျုံ့လို့ကြည့်နေမိတယ် ။ မာနကြီးတဲ့မျက်ဝန်းလေးတွေက အရောင်ပိုပိုရင့်လာပြီးထိမိရုံနဲ့ပျက်ရှစေနိုင်တဲ့ဓားစောင်းထက်ထက်လိုတလက်လက် ။
ရှောင်းမောင်မောင်းထွက်သွားဖို့ပြင်လိုက်တုန်းမှာပဲ ယောကျာ်းဆီကအသံထွက်လာတယ် ။"သွားတော့မလို့လား "
ဒီလူ ။ ဘာလို့အကုန်သိနေတာလဲ? ။ ဟုတ်တယ်ထွက်သွားတော့မှာ ။ မင်းကိုစိတ်ဆိုးလွန်းလို့သွားပစ်လိုက်တော့မယ် ။ မမြင်မကြားမထိတွေ့နိုင်တဲ့ နတ်ဝိဥာဥ်တောင် အသေးစိတ်ခံစားနိုင်ပြီး ကျန်တာတွေတော့နားမလည်ဘူးလား ။ ခပ်ပြုံးပြုံးမေးမြန်းနေခဲ့တဲ့ ထိုယောကျာ်းက ခဏအကြာ
အံ့သြသလို နှုတ်ခမ်းအသာဟသွားတယ် ။"မင်းစိတ်ဆိုးနေသလား? "
ရှောင်းမောင်မောင်းလည်း ထိုယောကျာ်းနည်းတူအံ့အားသင့်သွားတယ် ။ စိတ်ထဲပျော်ရွှင်မှုသေးသေးလေးဖြတ်ပြေးသွားတာလည်းဝန်မခံချင်လို့မရတော့ပေ ။