မျက်ရည်စက်တွဲလွဲခိုရာလည်ဆွဲလေးကိုသွေးရွှဲနေတဲ့လက်သွယ်လေးတွေက ဖွဖွရွရွကိုင်ဆုပ်ထားတယ် ။ ဆူးနွယ်တွေတစ်ကိုယ်လုံးရစ်ပတ်လို့အသားကိုတစ်ရစ်ဆီဖောက်ထွင်းဝင်လာသည့်တိုင် ပိန်လျပ်လျပ်ကိုယ်ထည်လေးနဲ့လူသားငယ်ဟာမငိုခဲ့ပေ ။
အမှောင်ကိုဆောင်ခွင်းတဲ့နတ်ဘုရားမဟာ
သက်ပြင်းငွေ့ငွေ့ချရင်း ထိုမြင်ကွင်းကိုမကြည့်ရက်တော့တဲ့အလား သူ့ကိုယ်ငွေ့ခြုံလွှာကိုရုပ်သိမ်းလို့အလင်းနတ်ဘုရားမကိုနိုးထစေခဲ့တယ် ။ သွေးခြေရာတွေက နတ်ဘုရားကျောင်းရဲ့စင်္ကြလမ်းတစ်လျှောက်မှာကျန်ခဲ့ပြီး တိမ်စိုင်ဖြူတွေဟာလည်းခပ်ဆွေးဆွေးရဲလို့ ။ ကောင်းကင်ပြင်ကရဲလို့လာတယ် ။ သဘာဝမကျတဲ့အချိန်အကူးအပြောင်းကိုလူသားတွေက နွေအရုဏ်ဦးလို့အမည်ပေးနေကြလေရဲ့ ။"ဆရာ ၊ ဒီနှစ်နွေကတော့အတော်လေးထူးခြားပါတယ် နေအလင်းအစောပွင့်ပြီး တိမ်တွေတောက်တာလည်းရဲစွေးနေတော့တာပဲ "
အဝတ်စစည်းနှောင်ထားတဲ့ လူအိုတစ်ယောက်က ကြောင်ရုပ်လေးကိုကျွမ်းကျင်စွာထွင်းနေရင်း ခေါင်းအသာညိတ်လာတယ် ။ သင့်တင့်လျောက်ပတ်တဲ့ အခန်းလေးထဲမှာလည်းအဆုံးမရှိတဲ့ကြောင်ရုပ်လေးတွေက နေရာအပြည့် ။
"ဒါကိုစစ်ဆေးကြည့်ပါဦး ၊ စိတ်ဆိုးနေတဲ့ပုံစံမှာပီပြင်ရဲ့သလားဆိုတာ "
"တပည့်ကတော့ ဒီကြောင်လေးဝမ်းနည်းနေတယ်လို့ပဲမြင်တယ် "
-
"ဆရာ ? တပည့်ဆရာမပျော်အောင်လုပ်မိသွားတာလား? "
အကြင်သူကား ဖျော့ထွေးစွာပြုံးပြပြီး ခေါင်းရမ်းလာတယ် ။
"ဒီလောကမှာဖြင့် ဒီယောကျာ်းကိုပျော်အောင်ဝမ်းနည်းအောင်လုပ်နိုင်တဲ့သူမရှိပါဘူးလေ "
သိုင်းပညာရှင်အဆင့်နိမ့်ဝတ်စုံလေးဝတ်ထားတဲ့လူရွယ်လေးက နားမလည်တာကြောင့်ခေါင်းအသာကုတ်ရင်း ဒူးလေးတုပ်လို့ တစ်ချိန်ကအိမ်ရှေ့စံဖြစ်ခဲ့ပြီး သူတို့ဒီအရွယ်ထိကြီးပြင်းလာနိုင်အောင်ကယ်တင်ပေးခဲ့တဲ့ ဆရာဖြစ်သူကို
ငေးကြည့်နေမိတယ် ။