(20)

1.3K 108 6
                                    

လက်မှာပတ်ထားတဲ့ နာရီကို တစ်ချက်ငုံ့ကြည့်လိုက်ပြန်သည်။၁၁နာရီ
ကျော်နေခဲ့ပြီ။ဝေသာပီနိုင်းသည် အနည်းငယ်
စိတ်မရှည်သလို ဖြစ်လာတော့၏။အရှေ့ပိုင်းမှ ပြန်လာစဉ်က
ကားပေါ်၌ တွေးခဲ့သော အတွေးတို့မှာကား
ခရီးက သူပြန်ရောက်သည်နှင့် သူ့ကလေးအား
မလွှတ်တမ်း ဖက်နမ်းပစ်မည် ဟူ၍။သို့သော်
အိမ်ပြန်ရောက်တော့ သူ့သခင်မှာ အိမ်တွင်မရှိ။ညနေ ၆နာရီ ပီနိုင်းပြန်ရောက်ပြီးကတည်းက ကူးစမိုင်းမှာ
ယခုထိ ပေါ်မလာသေးခြင်းပင်။ဧည့်သည်တစ်ယောက်နှင့် ထွက်သွားသည်ဟု အိမ်ထိန်းဆီက သတင်းကြားပြီးအဆုံး ပီနိုင်းမှာ မျက်နှာမည်းသွားတော့သည်။သို့သော် သူသည် ညစာပင် မစားသေးဘဲ ကူးစမိုင်း၏
အခန်းရှေ့တွင် စောင့်နေသည်မှာ
အတော့်ကို ကြာနေခဲ့ပြီ။စိတ်တိုမှုကြောင့်
တောက်ခေါက်သံတစ်ချက် ထွက်လာသည်။
နောက်ထပ် ဆယ်မိနစ်ကြာပြီးချိန်တွင် ကူးစမိုင်းသည် ယိုင်တိုင်တိုင် ခြေလှမ်းတို့နှင့်အတူ လှေကားထိပ်တွင် ပေါ်လာ၏။သောက်လာပုံရသည်မို့ မျက်လုံးပင် သိပ်မပွင့်။မီးဆိုင်းဝါဝါရဲ့ အလင်းအောက်က သူ့မျက်နှာမှာ ယမကာအရှိန်ကြောင့် နီမြန်းလျက် ရှိနေလေသည်။သူသည် သူ့အခန်းတံခါးဝတွင်
ရပ်နေသော ပီနိုင်းကိုမြင်သောအခါ ခြေလှမ်းတို့ တုံ့ခနဲရပ်သွားသည်။ထို့နောက်
ပီနိုင်းမှန်း ခွဲခြားသိသွားသည့်ပုံစံဖြင့် သူသည်
မူးရီရွှင်မြူးသည့်မျက်နှာဖြင့် ပီနိုင်း၏လည်တိုင်ကို သိုင်းဖက်လာသည်။
ပီနိုင်းမှာ တောင်ပိုင်းသို့ စရောက်စဉ်က
သူ့ခန္ဓာမှာ သိပ်မထွားလှ။သို့သော် ကူးစမိုင်းဆီတွင် ငါးလမျှနေပြီးသောအခါ
အစာဝဝလင်လင်စားရသည်မို့ တစ်နေ့ထက်တစ်နေ့ ခန္ဓာကိုယ်က ထွားလာခဲ့၏။ထို့နောက် အားချိန်တိုင်း
လေ့ကျင့်ခန်းလုပ်ဖြစ်သောကြောင့် အရပ်မှာလည်း အရင်ကထက် ပိုထွက်လာပြီး
ကိုယ်မှာလည်း ကျစ်လျစ်သန်မာလာခဲ့သည်။
မြောက်ပိုင်းသားများမှာ ထိုကဲ့သို့ ကြီးထွားမှုနှုန်း မြန်ကြသည်မှာ ထုံးစံပင်။
ယခုအခါ ကူးစမိုင်းမှာ ပီနိုင်းနှင့် ယှဉ်လိုက်ပါက ယခင်ထက် ပိုငယ်သွားတော့သည်။ပီနိုင်းက ဖက်သည့်အခါတိုင်း သူ့ကိုယ်မှာ တစ်ဖက်လူရင်ခွင်ထဲ နစ်မြုပ်သွားတတ်၏။

𝙲𝚕𝚘𝚞𝚍𝚢 Where stories live. Discover now