နှုတ်ခမ်းဖျားတွင် ခဲထားသော ဆေးလိပ်မှာ
သုံးဖွာလောက်ရှိုက်ပြီးလျှင် ကုန်တော့မည့်
အခြေအနေရှိ၏။ရှေ့ခုံပေါ်တွင် အငွေ့ထွက်နေသည့် ကော်ဖီခွက်မှာမူ
ယခုတိုင် မထိတွေ့ရသေး။လက်ထဲ၌ရှိသော
သတင်းစာကိုသာ စိတ်ဝင်တစားဖတ်ရှုနေသော အနှီအမျိုးသားသည် ကူးစမိုင်းဆိုသောသူ
ဖြစ်၏။သူသည် ဆံပင်ညှပ်ဆိုင်၏အနီး
ကော်ဖီဆိုင်တစ်ဆိုင်တွင် တစ်ကိုယ်တည်း
ထိုင်လျက် သတင်းစာ ဖတ်နေခြင်းဖြစ်သည်။
ထိုစဉ် သူ့အနားသို့ လူတစ်ယောက်
ရောက်လာ၏။ကူးစမိုင်းက ထိုလူကို
လှမ်းကြည့်လိုက်သောအခါ ထိုလူက
ခေါင်းညွှတ်လျက် တစ်ချက်အရိုအသေပြုသည်။ကူးစမိုင်းက
နှုတ်ခမ်းဖျားရှိ ဆေးလိပ်ကို လက်ကြားညှပ်ယူလိုက်ပြီး ခုံပေါ်တွင်
ထိုးချေကာ မီးငြိမ်းလိုက်သည်။
သူသည် ရှေ့မှာရပ်နေသော လူအား
စိုက်ကြည့်ကာ မေးလိုက်၏။"ဘာစားခဲ့ဲပြီလဲ"
"ရပါတယ် သခင်ကြီး"
ရှေ့၌ရပ်နေသော လူမှာ အမှန်က လူငယ်တစ်ဦးဖြစ်သည်။သူသည် ကိုယ်ကို
ခပ်ရို့ရို့အနေအထားဖြင့် ကူးစမိုင်းအရှေ့တွင်
မဝံ့မရဲရပ်နေခြင်းဖြစ်သည်။ကူးစမိုင်းက
မေးသောအခါ လူငယ်သည် ခေါင်းကိုငုံ့လျက်
ဖြေ၏။ထိုအခါ ကူးစမိုင်းက
မျက်ခုံးကို အသာပင့်လိုက်ပြီး တည်သော
လေသံဖြင့် ထပ်ပြောသည်။သူ့ပုံစံမှာ အရှိန်အဝါကြီးသော ပုဂ္ဂိုလ်ကြီးတစ်ဦးကဲ့သို့ပင်။"မင်းကိုငါ ဘာစားခဲ့ပြီလဲ မေးတာ"
"ဘာမှ မစားခဲ့ရသေးပါဘူး သခင်ကြီး"
လူငယ်သည် ကူးစမိုင်းအား အင်မတန်
ရိုသေသည့်ဟန်။"တစ်ခုခုမှာစား"
"ကျေးဇူးပါ သခင်ကြီး"
လူငယ်ကလေးသည် ကူးစမိုင်း၏အနီးမှ
ခုံဝိုင်းတစ်ခုတွင် သွားထိုင်လျက် နံနက်စာ
မုန့်နှင့်ကော်ဖီတစ်ခွက် မှာလိုက်ပြီး တစ်ကိုယ်တည်း သွားထိုင်သည်။
ကူးစမိုင်းကတော့ ထိုလူငယ်ကို ဂရုမစိုက်တော့။သူသည် သတင်းစာကိုသာ
ခေါင်းငုံ့ကာ ဆက်ဖတ်ဖို့ ပြင်လိုက်သည်။
ထိုစဉ် လမ်းတစ်ဖက် ဆံပင်ညှပ်ဆိုင်မှ
ဒေါသတကြီးဆဲဆိုသံတစ်ခု ကြားလိုက်ရသည်မို့ ကူးစမိုင်းမှာ ဆတ်ခနဲ
ခေါင်းထောင်သွားသည်။အသံမှာ အိမ်မွေးလေး၏ အသံပင် မဟုတ်ပါလော။
ကတုံးကေဖြစ်သွားလို့ ဒေါပွတာဖြစ်ရမည်ဟု
တွေးလျက် ကူးစမိုင်းမှာ ရယ်ချင်သည့်
မျက်နှာမျိုးဖြစ်သွားသည်။သို့သော် သူသည်
ဆံပင်ညှပ်ဆိုင်ထဲမှ ဝရုန်းသုန်းကား
ပြေးထွက်သွားသော လူတစ်ဦးကို မြင်လိုက်သောအခါ မျက်ဝန်းတို့က
ကျဉ်းမြောင်းသွား၏။ထွက်ပြေးသွားသော
လူ၏နောက်ဘက်မှ လိုက်လာသူမှာ
ဝေသာပီနိုင်းဖြစ်သည်။သူသည် လာတုန်းကလို ဆံပင်ရှည်နှင့် မဟုတ်တော့။
ကတုံးကေနှင့်ဖြစ်နေလေပြီ။သို့ရာတွင်
လောလောဆယ် ထိုသည်က ပြဿနာမဟုတ်သေး။ပြဿနာမှာ
ပီနိုင်းသည် အင်မတန်ဒေါသထွက်နေ၏။
သူ့လက်တွင် သွေးတို့ပေကျံနေကြလေသည်။
စောစောက ထွက်ပြေးသွားသူမှာ လက်ထဲ၌
သွေးပေနေသော ဓားတစ်ချောင်းကို
ကိုင်ထားခြင်းဖြစ်သည်။

YOU ARE READING
𝙲𝚕𝚘𝚞𝚍𝚢
Romance"ခင်ဗျားက ဘယ်သူလဲ" "နောင်တစ်ချိန် မင်းစွဲလမ်းလာမယ့် မကောင်းမှုလေး" ~~~~~~~~~~~~~~~~~💙 ⚠ စကားအသုံးအနှုန်း ကြမ်းတမ်းသော၊ သွေးထွက်သံယိုဖြစ်သော၊ညစ်ညမ်းသော ဇာတ်လမ်းဇာတ်ကွက်များစွာ ပါဝင်ပါသည်။အသက်ပြည့်ပြီးမှသာ ဖတ်ဖို့ အကြံပြုပါသည်။ Fiction Coverပုံမှာ မိ...