နာဘီနိုင်းစံအိမ်ထဲမှ သူ့ပိုင်ကားကလေး တရှိန်ထိုး ထွက်ခွာသွားပြီးသည်နှင့် ကူးစမိုင်းမှာ
ခြေလှမ်းတို့ကို စံအိမ်ထဲသို့ ပြန်လှည့်လိုက်၏။ယခုတစ်ကြိမ်တွင်မူ
သူ့ဦးတည်ရာသည် အနှီစံအိမ်ကြီး၏
အပေါ်ဆုံးထပ်တွင် နေထိုင်သော စံအိမ်အရှင်သခင်ရှိရာဆီ ဖြစ်လေသည်။အပေါ်ဆုံးထပ်ကို ရောက်သည်နှင့် သူ့ခြေလှမ်းတို့က
တံခါးပိတ်ထားသော အခန်းတစ်ခန်းရှေ့တွင် ရပ်သွားခဲ့သည်။ကူးစမိုင်းသည် ရှေ့မှအခန်းတံခါးထဲသို့ ချက်ချင်းမဝင်။သူသည် အင်္ကျီအိတ်ကပ်ထဲမှ စီးကရက်ဘူးကိုထုတ်ပြီး ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းဖျားတွင် အသာတပ်လိုက်၏။
ထို့နောက် မီးညှိကာ တစ်ရှိုက်ဖွာလိုက်သည်။သူ့မျက်လုံးတို့ကမူ တံခါးလက်ကိုင်ကို ခပ်ငေးငေး။
ငါးဖွာလောက်ရှိုက်ပြီးသောအခါတွင်
သူသည်
တစ်ဝက်ကျန်နေသေးသော ဆေးလိပ်ကို နှုတ်ခမ်းဖျားမှ ယူလိုက်ကာ
တံခါးပေါ်ဖိချေလျက် မီးငြိမ်းလိုက်၏။ထို့နောက် ဘေးတွင်ရှိသော အမှိုက်ခြင်းထဲ ပစ်ထည့်လိုက်လေသည်။အခန်းတံခါးကို နှစ်ချက်လောက်
ခေါက်ပြီးသောအချိန်တွင် အတွင်းခန်းထဲမှ ခပ်ဟိန်းဟိန်း
တုန့်ပြန်သံတစ်သံထွက်လာ၏။"ဝင်ခဲ့"
အနှီအသံကြားပြီးသောအခါတွင်
ကူးစမိုင်းသည် ခပ်ကျော့ကျော့လျှောက်ကာ ဝင်သွားလေသည်။ယုံကြည်မှုအပြည့်ဖြင့်လျှောက်နေသော ခြေလှမ်းတို့က
တုံ့ဆိုင်းမှုမရှိ။ခြေသံက ညင်သာသည်။ဦးတည်ရာရောက်သောအခါတွင် ကူးစမိုင်း၏ ခြေအစုံမှာ
ချက်ချင်းရပ်သွားလေသည်။သူသည် အခန်းတွင်းထဲရှိနေသော လူ၏ မျက်နှာချင်းဆိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်မှာ ခပ်မိန့်မိန့်။"သောက်မလား"
မျက်လုံးကို အသာပင့်ချီကာ မေးလာသောလူ။အနှီလူကား တောင်ပိုင်းတွင် သြဇာအရှိဆုံးဖြစ်သည့် နာဘီနိုင်းအမည်ရ လူမိုက်ဂိုဏ်း၏
ခေါင်းဆောင်ပင် ဖြစ်လေသည်။
သူ့အမည်မှာကား မိုလုရှိန်။မိုလုရှိန်သည်
ဆေးပြင်းလိပ်ကို နှုတ်ခမ်းတွင် ခဲထား၏။ဝိုင်ပုလင်းကို
ကိုင်ထားသော လက်တို့က အကြောပြိုင်းပြိုင်း ပေါ်ထွက်နေကြသည်။သူက ဖော်ရွေစွာ မေးလိုက်ပါသော်လည်း
သူ့အမေးအား ကူးစမိုင်းမှာ စိုးစိမျှ ဖြေလိုဟန်မရှိပေ။သူသည် မိုလုရှိန်အား မျက်နှာသေနှင့် ရှုတည်တည် စိုက်ကြည့်နေလေသည်။
အီဂိုဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာလည်း သူ့အရှိန်အဝါနှင့်သူ။ကူးစမိုင်း၏ တုံ့ပြန်ခြင်းမရှိသော အမူအရာကြောင့်
သူ့အား မိုလုရှိန်က ထပ်မမေးတော့။
သူသည် လက်ထဲမှ ဝိုင်ပုလင်းကို အသာစောင်းကာ ဖန်ခွက်နှစ်ခွက်ထဲ ထည့်လိုက်လေသည်။
အခန်းမှာ တိတ်ဆိတ်နေသည်မို့
ခွက်ထဲသို့ ဝိုင်ကျသံကလွဲ၍ ဘာသံမှ မကြားရ။

YOU ARE READING
𝙲𝚕𝚘𝚞𝚍𝚢
Romance"ခင်ဗျားက ဘယ်သူလဲ" "နောင်တစ်ချိန် မင်းစွဲလမ်းလာမယ့် မကောင်းမှုလေး" ~~~~~~~~~~~~~~~~~💙 ⚠ စကားအသုံးအနှုန်း ကြမ်းတမ်းသော၊ သွေးထွက်သံယိုဖြစ်သော၊ညစ်ညမ်းသော ဇာတ်လမ်းဇာတ်ကွက်များစွာ ပါဝင်ပါသည်။အသက်ပြည့်ပြီးမှသာ ဖတ်ဖို့ အကြံပြုပါသည်။ Fiction Coverပုံမှာ မိ...