Unicode
"ဒီနေ့ ဖိုးသားကို နှစ်ချိန်ဆက်ဝင်ပေးမှာမို့လို့ သားအိမ်ပြန်နောက်ကျမယ် မေမေ"
ပန်းပင်ရေလောင်းနေသည့်မေမေ့ကိုကပ်ပြောခဲ့ပြီး စက်ဘီးတစ်စီးနှင့် လွင်ပြင်ထွက်လာခဲ့သည် ။
အနောက်ကနေ "အပြန်လမ်းကြုံရင်မုန့်ဝယ်ခဲ့ ကိုကို" ဟူသည့် ညီမလေးတွေအသံကိုလဲ တစ်စွန်းတစ်စကြားလိုက်ရပါသေး၏ ။
ညနေလေးနာရီဟူသည့်အချိန်က အရမ်းနောက်မကျသေးပေမယ့် အုံ့မှိုင်းနေသည့်ရာသီဥတုကြောင့် အလင်းရောင်ကောင်းကောင်းရှိမနေခဲ့ပါ ။
ထီးဆောင်းလေ့မရှိသည့်လွင်ပြင်က မိုးရွာလာခဲ့လျှင်ဟူသည့်အတွေးနှင့် မိုးကာအပြာလေးကို စက်ဘီးရှေ့ခြင်းထဲထည့်လာမိသေးသည် ။
လမ်းတစ်လျှောက်မျက်မှန်းတမ်းမိသူမိတ်ဆွေများက လွင်ပြင့်ကို ပိုပိုသာသာနှုတ်ဆက်ကြသည် ။
နောက်ပါးဆီမှကျန်ခဲ့သောတီးတိုးပြောသံများက မိမိအကြောင်းပဲဖြစ်နိုင်သည်ဟုစိတ်ထဲတွေးမိသော် လွင်ပြင့်နှုတ်ခမ်းလေးများက အထိန်းအကွပ်မရှိကော့ညွတ်လာကြတော့သည် ။လွန်ခဲ့သည့်အပတ်က လွင်ပြင်တို့ ဆယ်တန်းအောင်စာရင်းထွက်၏ ။
ထင်မှတ်မထားစွာနှင့်ပင် လွင်ပြင်ကကြိုးဟူသည့်အမည်ဘေးတွင် ဂုဏ်ထူးခြောက်ဘာသာပါရုံတင်မကဘဲ မြန်မာတစ်နိုင်ငံလုံး top 6 ဟူသည့်နေရာပင်ရခဲ့သေးသည် ။
ထိုနေ့က လွင်ပြင် ပျော်လွန်း၍ မျက်ရည်ပင်ကျမိသည် ။ လွင်ပြင်တင်မက တစ်အိမ်လုံးမျက်ရည်ကျကြသည့်နေ့ပင်ဖြစ်သည် ။
လွင်ပြင့်သတင်းက တစ်မြို့လုံးကို လျင်လျင်မြန်မြန်ပဲပျံ့နှံ့သွားခဲ့တာကြောင့် နေ့ချင်းညချင်း လွင်ပြင့်ထံဂိုက်သင်ပေးဖို့တောင်းဆိုလာသည့်မိဘတွေငါးယောက်ထပ်မနည်းရောက်လာခဲ့လေ၏ ။
အခု လွင်ပြင်သွားနေသည့်နေရာကလဲ လွန်ခဲ့သည့်အပတ်ကမှ လွင်ပြင့်ထံအကူအညီလာတောင်းထားသော ဆယ်တန်းကျောင်းသားတစ်ယောက်၏အိမ်ဖြစ်သည် ။
ဆယ့်ငါးမိနစ်မျှသာကြာသောအချိန်၌ အဝါနုရောင်သုတ်ထားသည့်ခြံစည်းရိုးရှေ့တည့်တည့်တွင် လွင်ပြင့်စက်ဘီးအပြာလေးကရပ်တန့်သွားသည် ။
YOU ARE READING
ငါ့ကိုမချစ်ဘူး .. (COMPLETED)
General Fictionအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး