Unicode
ကိုးတန်းအပြီး နွေရာသီပိတ်ရက်ရှည်တွေက လွင်ပြင့်အတွက် အလွန်မွန်းကျပ်ဖွယ်ကောင်းလှ၏ ။
နောက်ဆုံးဘာသာဖြေပြီးသည်နှင့် တစ်ရက်သာပေးနားပြီး ဆယ်တန်းစာအုပ်တန်းကိုင်ခိုင်းသည့်ဆရာမတွေကြား လွင်ပြင့်မှာ အထွန့်တက်ခွင့်မရှိခဲ့ပါ။
"ဒီတစ်နှစ်လေး သေချာကြိုးစားရုံနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားလိမ့်မယ်" ဆိုတဲ့စကားတွေကြား လွင်ပြင် ပိုပိုသာသာအားစိုက်ထုတ်မိပါသည် ။
လွင်ပြင်က ဆေးပညာကိုစိတ်ဝင်စား၏ ။
ငယ်ငယ်တည်းက ပုရွက်ဆိတ်လေးတွေ ၊ ပိုးကောင်လေးတွေကိုကယ်ရင်းပျော်နေတတ်သည့်လွင်ပြင်က အရွယ်ရောက်လာရင် လူ့အသက်တွေကိုပါကယ်နိုင်သည့်ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ချင်သည်ဟု ရည်မှန်းချက်ထားခဲ့သူဖြစ်သည် ။
"ယာယာ တာတာ.. သမီးတို့အစ်ကိုကို အသီးပန်းကန်လေးသွားပို့ပေးပါဦး"
"သမီးတို့အစ်ကိုက ဒီတစ်နေ့လုံးကျူရှင်အပြည့်တက်လာရတာကို ဘာတွေသွားနှောင့်ယှက်နေကြတာလဲ .. ဒီကိုလာကြ ကိုကို့ဘာသာနားပါစေ"
"ဒီနေ့သား ဘာဟင်းစားချင်လဲ ။ မေမေဈေးသွားပြီး သားကြိုက်တာလေးချက်ပေးမယ်နော်"
လွင်ပြင်တို့အိမ်တွင် စာမေးပွဲရှိသူက အမြဲဦးစားပေးခံရသည် ။
နေ့တိုင်းကျောင်းစာတွေနဲ့လုံးပမ်းနေရတာကြောင့် အိမ်မှာ လွင်ပြင်က ဒီတစ်နှစ်လုံးဦးစားပေးခံရဆုံးလူဖြစ်လာ၏ ။
သို့ပေမယ့် ထိုသို့ဦးစားပေးခံရမှုတွေအားလုံးက လွင်ပြင့်ကို ပိုဝန်ပိစေပါသည် ။
ငယ်ငယ်တည်းက ကျန်းမာရေးချူချာတတ်သူမို့ စိတ်ဖိစီးမှုများလာတဲ့အခါ မကြာခဏဆိုသလိုဖျားတော့သည် ။
နွေကျောင်းပိတ်ရက်သုံးလအတွင်းမှာတင် လွင်ပြင် လေးခါလောက်ဖျားသေးသည်ထင်၏ ။
ပင်ပန်းလွန်းသမျှ အရမ်းဝမ်းနည်းလာမိသည့်ရက်မျိုးဆို လွင်ပြင် ဒိုင်ယာရီထဲကရက်စွဲအချို့ကိုပြန်ငေးရင်းအားတင်းယူရသည် ။

CZYTASZ
ငါ့ကိုမချစ်ဘူး .. (COMPLETED)
General Fictionအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး