-2-

9.9K 713 11
                                    

Unicode


"ဒီနှစ်မြို့နယ်ထူးချွန်ပြိုင်ပွဲကို သားကိုပဲပြိုင်စေချင်တယ် ။ သားပြိုင်မှာမလား?"

မနက်အစောကြီးတည်းက အတန်းအပေါက်ဝမှာစောင့်နေတဲ့သင်္ချာဆရာမရဲ့စကားအဆုံး လွင်ပြင်အတော်အကျပ်ရိုက်သွားရသည် ။

ဒီဆရာမက တစ်ကျောင်းလုံးတုန်နေအောင်ကြောက်ရတဲ့ဆရာမဆိုပေမယ့် စာတော်လွန်းတဲ့လွင်ပြင့်ကိုတော့ အမြဲမျက်နှာသာပေးတတ်သည် ။

လွင်ပြင်က ပဲခူးမြို့ရဲ့အလယ်အလတ်ကျောင်းတစ်ခုမှာတက်ရောက်နေတဲ့သာမန်ကျောင်းသားတစ်ဦးသာ။

သို့ပေမယ့် ထူးချွန်စာမေးပွဲဖြေတိုင်း အမြဲခရိုင်အဆင့်လောက်ထိပါတတ်သူမို့ ဆရာမတွေက လွင်ပြင့်ကိုဆိုလက်မလွှတ်ချင်ကြပေ ။ သူမတို့နာမည်ရသည့်အပြင် ကျောင်းဂုဏ်လဲဆောင်သည်ဟုဆိုကာ အတင်းကာရောဖိအားပေးတတ်ကြမြဲ ။

"ဟို.. သားက... "

အမှန်တော့ လွင်ပြင် ဒီနှစ်သင်္ချာထူးချွန်မပြိုင်ချင်ပါ ။

ထိုသို့မပြိုင်ချင်ရသည့်အကြောင်းအရင်းကလဲ အတိအကျရှိနေနှင့်ပြီးသားပင် ။

ဒါပေမယ့် ဆရာမက သူ့ကိုငြင်းခွင့်လုံးဝမပေး ။ သူမ ပြောချင်တာတွေသာ ဆက်ပြောသွားတာကြောင့် လွင်ပြင့်ခမျာငြိမ်နားထောင်ရပြန်သည် ။

"ဒေါ်ရီမာ သားကိုလာမခေါ်သေးဘူးမလား ။ တီချယ်အရင်လာပြောတာဆိုတော့ သားတီချယ့်ဘာသာပဲပြိုင်ကိုပြိုင်ရမယ်နော် ကြားလား"

ဒေါ်ရီမာဆိုတာ လွင်ပြင်တို့ရဲ့ အင်္ဂလိပ်စာအတန်းမှူးဆရာမပင် ။

ဒါက နှစ်တိုင်း ထူးချွန်စာမေးပွဲတွေလာရင် လွင်ပြင့်ကိုလုတတ်ကြတဲ့ သင်္ချာနဲ့အင်္ဂလိပ်ဘာသာဆရာမတွေကြားကပြဿနာဖြစ်သည် ။

"ဖြေမှာမလား သား? တီချယ် သားနာမည်ထည့်ပြီနော် ဒါဆို"

တက်ကြွလွန်းနေသည့်ဆရာမရဲ့ဟန်ပန်က လွင်ပြင်ငြင်းလိုက်ဖို့တောင်အားနာနေရသည့်အနေအထား ။ ထို့အပြင် ဒီသင်္ချာဆရာမကိုတော့ဖြင့် လွင်ပြင်ကိုယ်တိုင်ရှိန်မိတာအမှန်ပင် ။

ငါ့ကိုမချစ်ဘူး .. (COMPLETED)Where stories live. Discover now