Unicode
အထက်တန်းကျောင်းသားဘဝရက်စွဲတွေက တရွေ့ရွေ့လည်ပတ်ကုန်ဆုံးနေဆဲ ။
လွင်ပြင့်နေ့စဉ်ဘဝထဲမှာတော့ မရိုးနိုင်တဲ့ကျောင်းစာတွေအပြင် တစ်စုံတစ်ယောက်ကမသိမသာတိုးဝင်လာမြဲပင် ။
"ဒီနေ့မုန့်စားကျောင်းဆင်းချိန်တုန်းကလေ သမီးတို့ကို အစ်ကိုကြီးတစ်ယောက်စကားလာပြောတယ်သိလား"
ကားနောက်ခန်းမှာထိုင်နေတဲ့ တာတာ့ဆီကအသံထွက်လာတော့ လွင်ပြင် ဒီနေ့ရောဘာတွေများကြားရဦးမလဲဆိုတဲ့ပုံစံနဲ့ မျက်ခုံးပင့်လိုက်မိသည် ။
ကားမောင်းနေတဲ့ဘဘကျော်ကတော့ ကျောင်းလာကြိုတိုင်း ကားပေါ်မှာစကားတွေရေပက်မဝင်ပြောတတ်တဲ့ညီမလေးတွေအကြောင်းနောကျေနေသလို ခပ်ပြုံးပြုံးရယ် ။
ရှေ့ခန်းမှာထိုင်နေတဲ့လွင်ပြင်က လက်ထဲက မိုင်လိုဘူးကိုဖောက်သောက်နေရင်း တာတာဆက်ပြောလာမည့်အကြောင်းအရာကိုနားစွင့်လျက်သား ။
"သူကအစကလာမေးတာ နာမည်ဘယ်လိုခေါ်လဲတဲ့ ။ အဲ့တာနဲ့သမီးတို့ကလဲ ကိုကိုမှာထားသလိုပြောတာပေါ့ ဘာလို့ပြောပြရမှာလဲဆိုပြီး"
"အင်း တော်တယ်"
စကားနားထောင်ခဲ့တဲ့ညီမလေးတွေကို လွင်ပြင်ချီးကျူးလိုက်သည် ။
အမွှာလေးနှစ်ယောက်ဖြစ်တဲ့ မာယာကကြိုးနဲ့ ဇာတာကကြိုးကို ကျောင်းမှာမသိတဲ့သူမရှိသလောက်ပင် ။
လွင်ပြင်လောက်စာမတော်ကြပေမယ့် သူ့ဘာသူစာပုံမှန်ကြိုးစားကြတဲ့ညီမလေးတွေက လပတ်စာမေးပွဲတွေမှာလဲအဆင့်ကောင်းသည် ။ သင့်တင့်တဲ့ရုပ်ရည်လေးတွေလဲရှိတော့ ဒီအရွယ်လေးတွေနှင့်တင် လာရောချင်တဲ့ကျောင်းသားတွေကအများသားပင် ။
"အဲ့လိုပြောတော့ အဲ့အစ်ကိုကြီးကမေးခွန်းပြောင်းမေးတယ်သိလား ။ ထားပါတော့ ငါလဲနင်တို့နာမည်သိချင်တာမဟုတ်ပါဘူးတဲ့ ။ နင်တို့က လွင်ပြင်ကကြိုးရဲ့ညီမအရင်းတွေလားတဲ့"
"အဲ့တာနဲ့?"
"အဲ့တာနဲ့ သမီးတို့က အဲ့အစ်ကိုကြီးရင်ဘတ်ကကျောင်းတံဆိပ်ကိုလှမ်းဖတ်လိုက်တော့ နဝမတန်း တန်းခွဲ(၂)ကတဲ့ ။ နဝမတန်းဆိုတာတွေ့မှ ကိုကို့အသိလို့ထင်သွားလို့ ဟုတ်တယ်ဆိုပြီးဖြေလိုက်တယ်"
ESTÁS LEYENDO
ငါ့ကိုမချစ်ဘူး .. (COMPLETED)
Ficción Generalအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး