Unicode
ဒေး လွင့်မျောစွာထိုင်နေမိသည် ။ စိမ့်ခနဲဖြစ်သွားသည့်အထိအတွေ့အရ သူ အိမ်အပြင်ဘက်တစ်နေရာမှာထိုင်နေမိသည်ထင်၏ ။
လေတိုးသံသဲ့သဲ့ကြားရပြီး မြင်ကွင်းတွေကသိပ်တော့မရိုးရှင်းလှချေ ။
"ဒေး ငါချမ်းလို့ မင်းအနွေးထည်လေးခဏငှါးပါလား"
ဝိုးတဝါးမြင်ကွင်းထဲမှာ ဒေးရီဝေဝေထိုင်နေမိရင်း ကြားရသည့်အသံ ။
လှည့်ကြည့်လိုက်တော့ အင်္ကျီအပါးလေးတစ်ထည်ပဲဝတ်ထားသည့်လွင်ပြင်က လက်နှစ်ဖက်ကိုခပ်ကျုံ့ကျုံ့ပိုက်ရင်း ဒေးကိုမျက်နှာငယ်နှင့်လှမ်းကြည့်နေခဲ့သည် ။
"ချမ်းနေတာ့မှာပဲ"
ဒေးဝတ်ထားတဲ့တစ်ခုတည်းသောအနွေးထည်ကိုခပ်မြန်မြန်ချွတ်လိုက်ရင်း ခိုက်ခိုက်တုန်နေတဲ့လွင်ပြင့်ပေါ်လွှမ်းခြုံပေးလိုက်မိသည် ။
"အေးသေးလား"
ဒေးစိတ်ပူစွာမေးမိတော့ လွင်ပြင်ကခေါင်းညိတ်ပြသည် ။
အခုမှပတ်ဝန်းကျင်ကိုသတိထားမိ၏ ။ ကောင်းကင်တစ်ခုလုံးညို့မှိုင်းနေခဲ့ပြီး သည်းသည်းမည်းမည်းရွာနေသည့်မိုးက လွင်ပြင်အေးရခြင်း၏တရားခံဖြစ်လိမ့်မည် ။
သူဒီကိုဘယ်လိုရောက်လာသလဲမသိသလို လွင်ပြင်သူ့ကိုဘာလို့စကားလာပြောနေမှန်းအဖြေရှာမရခင်မှာတင် လွင်ပြင်ကစကားဖြတ်ပြောလာပြန်သည်။
"ဒေး ငါချမ်းသေးတယ်"
ဒေးနှစ်ခါမစဉ်းစားတော့ပဲ လွင်ပြင့်ကို တင်းနေအောင်ပွေ့ဖက်လိုက်သည် ။ အခုမှအနွေးဓာတ်တွေ့သွားသည့်နှယ် ရင်ခွင်ထဲအတင်းတိုးဝင်လာတဲ့လွင်ပြင်ကြောင့် ဒေးရင်တွေတဒိန်းဒိန်းခုန်လာရသည် ။
နောက်ဆုံးတော့ သူလွင်ပြင့်ကိုပွေ့ဖက်ခွင့်ရခဲ့ပြီ ။
ဒေးအတင့်ရဲစွာနှင့် လွင်ပြင့်ပုခုံးစွန်းကိုတစ်ချက်နမ်းရှိုက်လိုက်တော့လဲ လွင်ပြင်က ငြိမ်ငြိမ်လေးနေနေပြန်၏ ။
"ထူးဆန်းလိုက်တာ"
ဒေးခပ်တိုးတိုးရေရွတ်နေရင်း တဖွဖွနမ်းရှိုက်မိနေသည့်ပုခုံးစွန်းလေးက တဖြည်းဖြည်းအေးစက်လာသလိုခံစားရသည် ။
YOU ARE READING
ငါ့ကိုမချစ်ဘူး .. (COMPLETED)
General Fictionအိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ မကိုဋ်ဒေးမောင် x လွင်ပြင်ကကြိုး