အ ပျိုး

7.9K 423 15
                                    

မျက်ဝန်းများသည် မလှုပ်မခတ် ငြိမ်သက်လျက် ကြေးမုံပြင်ပေါ် ထင်ဟပ်နေသည့် မျက်နှာတစ်ခုကို မမှိတ်မသုန် စိုက်ကြည့်လျက် ရှိသည်။

လှုပ်ရှားမှုမရှိသည့် မျက်ဝန်းများမှာ ဝိုင်းစက်လျက် ရည်စိုရွှန်းလဲ့သည်။ မျက်သားကလေးများမှာ ရှုပ်ယှက်ခတ်နေသည့် သွေး‌ကြောနီနီများ ကင်းမဲ့ကာ ဖွေးဖွေးဖြူနေ၏။ အလည်ရှိ ဝန်းစက်နေသည့် မျက်စံမည်းမည်းများမှာ မဟူရာပုလဲလုံးလေးများကဲ့သို့ ထင်ရှားလှပလွန်းသည်။

ပိရိသေသပ်လွန်းလှသည့် ထိုမျက်ဝန်းများကို ဘောင်သဖွယ် ကွပ်၍ ပိုမို အလှတင့်သွားစေသည်က ခပ်စိပ်စိပ် ပေါက်နေသည့် ကော့ညွတ်ညွတ် မျက်တောင်များပင်။

မျက်ခုံးများမှာလည်း နတ်ဖုရား ဖန်ဆင်းလေသလား မှတ်ရလောက်အောင် တိပသေသပ်ကာ မည်းမည်းနက်လျက် ထူထဲလှပလွန်းသည်။ မျက်ခုံးနှစ်ဖက်သည် ရုတ်တရက်ကြည့်လျှင် ဇင်ယော်ငှက်ငယ်ကလေး အတောင်ပံ ဖြန့်ကျက်၍ ထပျံတော့မလို ကြွားဝင့်ပုံပေါ်လျက် ရှိသည်။

ဇင်ယော်တောင် မျက်ခုံးများမှတစ်ဆင့် မျက်ဝန်းများအား မသိမသာ လှုပ်ရှားစေလျက် နှာတံကလေးကို ကြည့်လိုက်သည်။ ထိပ်တွင် လုံးဝန်းလျက် နေရောင်ဖြင့် ပြောင်လက်နေသည့် နှာတံကလေးသည် ဖယောင်းတိုင်ကလေးလို သွယ်တန်းဖြောင့်စင်းနေသည်။ နှာတံထိပ်ကလေး၏ ‌အောက်ခြေရှိ ချိုင့်ခွက်ကလေးသည်ပင် အပိုအလို မရှိ သေသပ်စွာဖြင့် ပေါင်းကူးတံတားလေးလို နှုတ်ခမ်းကလေးနှင့် လှပစွာ ချိတ်ဆက်ပေးထားသည်။

ပန်းနုရောင်လှိုင်းထနေသည့် နှုတ်ခမ်းနှစ်လွှာသည် မတင်းမလျော့ဟန်ဖြင့် စေ့စေ့ပိတ်ထားသည်။ နှုတ်ခမ်းဖျားကလေးများ ကော့ညွတ်နေသည်မှာ ခပ်တင်းတင်း စေ့ထားလျှင်တောင် ပြုံးနေသယောင် ထင်မှတ်မှားစေသည်။

နှုတ်ခမ်းများကို အထဲသို့ ဆွဲဖိသိမ်းလျက် လျှာဖျားကလေးဖြင့် ပွတ်သပ်လိုက်သည့်အခါ ပန်းနုရောင် နှင်းဆီအငုံအဖူးကလေးကို မိုးရေပက်ဖြန်းလိုက်သလို ရွှန်းရွှန်းစိုလျက် ငွားစွင့်ကြွားဝင့်နေတော့သည်။

အလှတရားတို့ ပေါင်းစပ်ဖြစ်တည်နေသည့် ထိုမျက်နှာပြင်ကလေးကို ပိုမို၍ လှဂုဏ်ဝင့်စေရန် ပံ့ပိုးလိုက်သည်မှာ သွယ်လျစွာ အောက်ဘက်သို့ နိမ့်ဆင်းသွားသည့် မေးရိုးသွယ်ကလေးပင် ဖြစ်သည်။

အလှနတ်ဖုရားတစ်ပါး ဝင်စားသည်ဟု ထင်ရလောက်အောင် လှရက်နိုင်လွန်းသည့် ထိုမျက်နှာပြင်က‌လေးကို ခပ်စိမ်းစိမ်း စိုက်ကြည့်နေရင်း မျက်ဝန်းလေးများ စွတ်စိုလာသည်။

နတ်ဖုရားတစ်ပါးက သူ့ကို ဖန်ဆင်းခဲ့သည်ဆိုလျှင်တောင် မှားယွင်းစွာ ဖန်ဆင်းခဲ့ခြင်းသာ ဖြစ်မည်။

သူ သည်လောက် မလှချင်ပါ။ သူသည်လောက် မလှသင့်ပါ။

ယောက်ျားတစ်ဦးအဖြစ် မွေးဖွားလာသူသည် သည်မျှလောက် လှပနေဖို့ မလိုဘူး မဟုတ်လား။

သူသည် မှန်တွင် အရိပ်ထင်နေသည့် သူ့မျက်နှာအား စိုက်ကြည့်လျက် နာကြည်းစွာ ပြုံးလိုက်မိသည်။

သူ့တွင် မိန်းမဆန်သည့် မျက်နှာလှလှကလေးဖြင့် မလိုက်ဖက်သည့် ယောက်ျားတစ်ဦး၏ အင်္ဂါအဖွဲ့အစည်းကို ပိုင်ဆိုင်ထားသည်။ ထို့အတူ ‌ယောက်ျားတစ်ဦး၏ ကိုယ်ခန္ဓာနှင့် ဆန့်ကျင်ကွဲပြားနေသည့် နူးညံ့ပျော့ပြောင်းသည့် မိန်းကလေးစိတ်ကိုလည်း သူ ပိုင်ဆိုင်ထားပြန်သည်။

ထို့အပြင် သူ၏ သွင်ပြင်ဟန်ပန် စိတ်နေသဘောထားတို့ဖြင့် မကိုက်ညီလွန်းသည့် အမည်နာမတစ်ခုကိုလည်း သူ လက်ခံထားရပြန်ပါ၏။

သူ၏ နာမည်မှာ မင်းသတ္တိ...။

💙💙💙

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now