အခန်း (၂)

2K 69 0
                                    

Assembly ပြီး၍ အတန်းသို့ ပြန်ရောက်ချိန်တွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စများကို မေ့ဖျောက်ကာ ဘာသာရပ်ပြ ဆရာမများသင်ကြားပို့ချသည့် စာများကို အာရုံစူးစိုက်ရပါသည်။

ထမင်းစားဆင်းချိန်တွင်တော့ ပါလာသည့် ထမင်းချိုင့်လေးကို ယူကာ ဟန်မင်းနိုင်နှင့်အတူတူ ကိုယ့်နေရာမှာပင် ထိုင်စားလိုက်သည်။

ထမင်းချိုင့်ထဲမှ ထမင်းများ ကုန်စင်ခါနီးတွင် ကျောင်းသားတစ်ယောက်သည် အတန်းဝ‌‌၌ မတ်တတ်ရပ်၍...

"မင်းသတ္တိရှိလား..." ဟု မေး‌လာတော့ သတ္တိက...

"ရှိပါတယ်... ကျွန်တော်ပါ" ဟု ပြန်ဖြေလိုက်သည်။

"ဆရာမကြီးရုံးခန်းက ခေါ်နေတယ်"

ကျောင်းသားက ပြောစရာ ရှိတာပြောပြီး လှည့်ထွက်သွားသည်။ သတ္တိလည်း ထမင်းချိုင့်ထဲရှိ လက်ကျန်ထမင်းများကို ဇွန်းဖြင့် ခြစ်ကုပ်လျက် တစ်လုတ်တည်း စားလိုက်ရင်း ထမင်းချိုင့်များကို ဆင့်ဖို့ ပြင်လိုက်သည်။

"သွား... သွား... ထားခဲ့လိုက်၊ ငါ သိမ်းထားလိုက်မယ်"

"အေးအေး... သူငယ်ချင်း၊ ကျေးဇူးပါပဲ"

ဟန်မင်းနိုင်ကို ကျေးဇူးတင်စကားပြောလိုက်ရင်း လက်သုပ်ပဝါကလေးဖြင့် နှုတ်ခမ်းများကို ပွတ်ကာ ပုဆိုးလေး ပြင်ဝတ်လိုက်ပြီး ကျောင်းအုပ်ကြီးရုံးခန်းသို့ ထွက်လာခဲ့လိုက်သည်။

ကျောင်းအုပ်ကြီး ရုံးခန်းထဲသို့ သတ္တိရောက်တော့ ရုံးခန်းထဲတွင် သူ့မိဘများ ရောက်နှင့်နေခဲ့ပြီ။ ဆရာမကြီး ခေါ်ခိုင်း၍သာ ‌မိဘများကို ခေါ်လိုက်ရသော်လည်း မည်သည့်အကြောင်းအရာနှင့် အခေါ်လွှတ်မှန်း သတ္တိ ကိုယ်တိုင်လည်း မသိခဲ့ပါ။

"ဟော ပြောရင်းဆိုရင်း မောင်မင်းသတ္တိ လာပြီ... လာ သား... ဒီနား လာထိုင်"

ရွှေကိုင်းမျက်မှန်ကြီး တဝင်းဝင်းဖြင့် ကျောင်းအုပ်ဆရာမကြီးက လှမ်းခေါ်၍ သတ္တိသည် ‌ဖေဖေ့ဘေးနားက လွတ်နေသည့် ထိုင်ခုံလေးတွင် ခပ်ရို့ရို့ကလေး ဝင်ထိုင်လိုက်သည်။

ဖေဖေနှင့် မေမေတို့၏ ဘေးနားတွင် ထိုင်လိုက်ရုံမျှဖြင့် ဖေဖေတို့၏ အရှိန်အဝါများသည် သတ္တိကို မရုန်းနိုင်အောင် ချုပ်ကိုင်ဖမ်းဆုပ်ထားသလို ခံစားလိုက်ရသည်။ သတ္တိ၏ အနားနားတွင် ဖေဖေတို့ ရှိနေလျှင် သတ္တိ စိတ်တွေ အလိုလို တင်းကြပ်တောင့်ခဲသွားရသည်။ ထိုမျှလောက်အထိ သတ္တိ၏ မိဘများသည် သတ္တိအပေါ် လွှမ်းမိုးချုပ်ကိုင် ဖိနှိပ်အုပ်စိုးထားနိုင်စွမ်း ရှိလေသည်။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now