အခန်း (၂၀)

1.2K 34 5
                                    

"မင်းကို ဘယ်လို ဆုံးမရမှာလဲ ဟမ်... ဘယ်လောက် ထိုးမှ ရိုက်မှ ယောက်ျားစိတ်ဝင်မှာလဲ... ပြောစမ်း... ပြောစမ်း ငါ့ကို"

ဧည့်ခန်းကျယ်အတွင်းတွင် ဖေဖေ့၏ ဒေါသတကြီးအသံများဖြင့်သာ ဆူညံစီပွက်နေသည်။ ဖေဖေသည် ခါးပတ်ကိုင်ထားသည့် လက်ကို မြှောက်လိုက်ချိန်တွင် သတ္တိသည် မျက်လွှာလေးများကို တင်းကြပ်စွာ ပိတ်လိုက်ထားရင်း အံကို ခပ်တင်းတင်း ကြိတ်ထားလိုက်သည်။

ရွှန်းခနဲ မြည်သံတစ်ခုနှင့်အတူ သတ္တိ၏ ကျောပြင်ကလေးထက်ပေါ်သို့ ဖေဖေ့၏ သားရေ ခါးပတ်သည် အရှိန်ပြင်းထန်စွာဖြင့် ကျရောက်လာပြန်သည်။

အသားကို နှစ်ခြမ်းဆွဲဖြဲခံလိုက်သလို သေမတတ် နာကျင်မှုတို့ကြောင့် သတ္တိ မိုက်ခနဲဖြစ်လျက် ခြေထောက်ကလေးများပင် ခွေကာ ယိုင်နဲ့သွား၏။

"မိန်းမလို ဝတ်စားပြင်ဆင်ပြီး သောက်ရှက်မရှိ ကချင်ဦး"

"မိဘတွေကို လိမ်ညာ လှည့်စားပြီး ရည်းစား ခိုးထားချင်ဦး"

"ယောက်ျား ယောက်ျားလို မနေဘဲ ခြောက်ချင်ဦး"

စကားတစ်ခွန်း ဆုံးချိန်တိုင်းတွင် ရွှမ်းခနဲ ရွှမ်းခနဲ ကျရောက်လာသည့် ဖေဖေ့၏ ရိုက်ချက်များကို မခံနိုင်တော့သည့် အဆုံးတွင် သတ္တိ ခြေထောက်တို့ ‌ခွေညွတ်ကာ လဲကျသွားလေသည်။ ထိုအချိန်မှ လက်ပိုက်ကြည့်နေခဲ့သည့် မေမေက မတတ်သာ၍ ဝင်တားရသည်။

"တော်တော့ မောင်...၊ မရိုက်နဲ့တော့။ ဒီ့ထက်ရိုက်လည်း သေဖို့ပဲ ရှိတော့တယ်။ ‌နောက်ကျောမှာလည်း သွေးတွေ ရဲနေပြီ"

"မောင် မကျေနပ်သေးဘူး ဝင့်၊ မောင်တို့ရဲ့ ဂုဏ်သိက္ခာတွေကို ချနင်းတဲ့ အပြင် မြောင်းထဲ ရောက်အောင် လုပ်တဲ့ ကောင်ကို မောင် အပြစ်ပေးချင်သေးတယ်...

မောင်တို့ကို လှည့်ပတ် လိမ်ညာပြီး ကွယ်ရာမှာ ဖင်ခိုးခံနေတဲ့အကောင်... ဒါတောင် အမရပူရကို ကျောင်းပြောင်းသွားတဲ့အကောင် တကူးတက လှမ်းပြောမှ ကိုယ်တို့ သိရတယ်။ ဒါနဲ့‌ဆို နှစ်ခါ ရှိပြီ။ ဘယ်လောက် ရှက်စရာကောင်းလဲ...  မောင်တို့ အရှက်ကွဲသလို ဒင်းလည်း အရှက်ကွဲစေရမယ်..."

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Nơi câu chuyện tồn tại. Hãy khám phá bây giờ