တနင်္လာနေ့ ကျောင်းဖွင့်ရက် မနက်တွင်တော့ ဟန်မင်းနိုင်နှင့် သတ္တိ ကျောင်းအတူ မသွားဖြစ်ခဲ့ပါ။ တနင်္လာနေ့သည် သတ္တိ၏ အသင်းတာဝန်ကျသည့် နေ့ဖြစ်၍ မနက် (၇)နာရီခွဲအရောက် ကျောင်းသို့ သွားရပါသည်။
ပုံမှန်ဆိုလျှင် အသင်းခေါင်းဆောင်က ကျောင်းသို့ စောစောလာ၍ အတန်းတံခါးဖွင့်ပေးရသော်လည်း သတ္တိ တာဝန်ကျရာ အနော်ရထာ အသင်း၏ ခေါင်းဆောင်မှာ အခန်းတံခါးသော့ကို သတ္တိလက်ထဲ ထိုးအပ်ထား၍ အတန်းတံခါး ဖွင့်ရသည့် တာဝန်ကို သတ္တိပင် ယူထားရသည်။
အတန်းတံခါးကို ဖွင့်ဝင်ပြီး ပြတင်းပေါက်များကိုလည်း လိုက်ဖွင့်ရ၏။ ပြတင်းပေါက်များ ဖွင့်နေစဉ် အသင်းသူ မိန်းကလေး နှစ်ယောက် ရောက်လာသဖြင့် သူတို့နှင့် အတန်းသန့်ရှင်းရေးကို အရင် လုပ်လိုက်သည်။
သန့်ရှင်းရေး လုပ်ပြီးချိန်တွင် အတန်းထောင့်ရှိ သောက်ရေအိုးကလေးကို သယ်ကာ ရေဆေးကန်ကလေးတွင် ရေအိုးလေးကို ဆေးကြောသန့်စင်ရသည်။ ထို့နောက် ရေအိုးလေးကို ရေအိုးစင်ကလေးပေါ် ပြန်တင်ကာ ရေပုံးကလေးကို ယူလျက် သောက်ရေ သွားခပ်ကာ ရေအိုးအပြည့် ဖြည့်ထားရ၏။
အတန်းအတွင်းရှိ အလုပ်များ အပြီးတွင် အတန်းဝန်းကျင် လျှောက်လမ်းတစ်လျှောက်ကိုလည်း တံမြက်လှည်းရသေးသည်။ အတန်းအပြင်ဘက်ရှိ ရေမြောင်းကလေးအတွင်း ကျနေသည့် အမှိုက်ကလေးများကို ညှပ်ကလေးဖြင့် ဆယ်ယူဖယ်ရှားရပြန်သည်။
ကျောင်းသန့်ရှင်းရေး အလုပ်များ အားလုံး လုပ်၍ အပြီးတွင် အသင်းသမား ကျောင်းသားတစ်ဦးနှင့်အတူ အမှိုက်ပုံးကို ကျောင်းအပြင်ဘက်က အမှိုက်ကန်မှာ သွားပစ်လိုက်သည်။ အတန်းထဲသို့ ပြန်အရောက်တွင် ဖရိုဖရဲ ဖြစ်နေသည့် တံမြက်စည်းများကို စီစီရီရီ ဖြစ်အောင် လုပ်နေဆဲတွင် သတ္တိ အနားသို့ ရဲရန်နိုင် ရောက်လာခဲ့သည်။ သတ္တိက မမြင်ချင်ယောင်ဆောင်လျက် တံမြက်စည်းများကို ဆက်စီနေဆဲတွင် ရဲရန်နိုင်က တံမြက်စည်းများအား ခြေထောက်ဖြင့် လှမ်းကန်သည်။
"ကျေနပ်လား... မကျေနပ်လည်း လဲသေလိုက်"
ရဲရန်နိုင်၏ ရန်စကားကို သတ္တိ မကြားလိုက်သလို မသိကျိုးကျွံပြုလျက် လဲကျသွားသည့် တံမြက်စည်းများကိုသာ ကောက်ယူလျက် ပြန်ထောင်နေလိုက်သည်။
VOCÊ ESTÁ LENDO
အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}
RomanceLGBT တွေ ကြုံတွေ့ခံစားနေရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က ရှုံချတိုက်ခိုက်မှုတွေနဲ့ ဖိအားတွေရဲ့အကြောင်းကို လှစ်ဟသီကျူးမယ့် Reality Fiction လေး တစ်ပုဒ်ပါ။