အခန်း (၄)

4.1K 325 7
                                    

နေ့လည် ထမင်းစားကျောင်းဆင်းချိန်တွင် အတန်း‌၏ နောက်ဆုံး ခုံတွင် အများနည်းတူ စီထားရသည့် ထမင်းချိုင့်များကို ထုံးစံအတိုင်း ဟန်မင်းနိုင်ကပင် သွား၍ ယူပေးပါသည်။ ဟန်မင်းနိုင် ယူလာပေးသည့် ထမင်းဆွဲခြင်းများ သူတို့ စားပွဲပေါ်ရောက်သည်အထိ အရာအားလုံးသည် ပုံမှန်အတိုင်း ဖြစ်နေခဲ့သော်လည်း သတ္တိ၏ ထမင်းချိုင့် ဖွင့်လိုက်ချိန်မှာတော့ ထမင်းချိုင့်နှင့် လားလားမှ မအပ်စက်သည့် အရာများကို မထင်မှတ်စွာ တွေ့လိုက်ရတော့သည်။

"ဟင်..."

ချိုင့်အတွင်းမှ ထောင်းခနဲ ထွက်လာသည့် အနံ့အသက်တို့ကြောင့် သတ္တိသည် အယောင်ယောင် အမှားမှားဖြင့် နှာခေါင်းကို လက်ဖြင့်အုပ်ကာ ကိုယ်လုံးလေးကို အနောက်သို့ ယို့လိုက်သည်။ ထိုတော့မှ ဟန်မင်းနိုင်က သတ္တိ၏ ထမင်းချိုင့်ကို လှည့်ကြည့်လာသည်။

"ဟာ... ဒါ ဒါ... ခွေးချေးတုံးတွေမလား"

ဟန်မင်းနိုင်သည် သတ္တိ၏ ထမင်းချိုင့်အတွင်း ထမင်းများအစား ရောက်နေသည့် ခွေးချေးတုံးများကို ‌အံ့ဩမင်သက်စွာ စိုက်ကြည့်ရင်း အသားများ တဆတ်ဆတ် တုန်လာ၏။

"ဒါ ‌ဟို ခွေးကောင်လက်ချက်ပဲ... သေချာတယ်။ မနေ့က ငါ သူ့ကို ချေးစားချင်ရင် ပါပေးမယ်ပြောလို့ ဒီကောင် လက်စားချေတာ"

သတ္တိ တားချိန်ပင် မရလိုက်ပါ။ ဟန်မင်းနိုင်သည် ခွေးချေးတုံးများထည့်ထားသည့် ချိုင့်ကို ယူလျက် ရဲရန်နိုင် ထိုင်နေသည့် နေရာသို့ တန်းတန်းမတ်မတ်ကြီး ရောက်ချသွားသည်။

"ဟေ့ကောင် ရဲရန်နိုင်... ဒါ မင်း လက်ချက်မလား"

ဟန်မင်းနိုင်က ခွေးချေးတုံးများကို ပြ၍ မေးလိုက်သည်။ ဟန်မင်းနိုင်၏ ဒေါသတကြီးအသံကြောင့် အတန်းထဲက ‌ကျောင်းသား၊ ကျောင်းသူများ၏ စူးစမ်းသည့် အကြည့်များက သူတို့နှစ်ယောက်ဆီသို့ ပုံကျလာသည်။ ရဲရန်နိုင်မူက ဘာမထီသလို ဟက်ခနဲ တစ်ချက်ရယ်၍...

"မင်းမှာ သက်သေရှိလို့လား ဟန်မင်းနိုင်"

"သက်သေ မရှိတာနဲ့ မင်း လုပ်ရပ်မှန်း မသိရတော့ဘူးတဲ့လား ဟမ်။ ဒီတစ်ခန်းလုံးမှာ ဒီလို အောက်တန်းစား အလုပ်မျိုး လုပ်မှာ မင်း တစ်ယောက်ပဲ ရှိမယ်။ မင်း ယောက်ျား မဟုတ်ဘူးလား ရဲရန်နိုင်။ ယောက်ျားဆိုတာ လုပ်ရဲရင် ဝန်ခံရဲရတယ်ကွ"

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Tempat cerita menjadi hidup. Temukan sekarang