အခန်း (၃)

2K 65 2
                                    

ရှစ်ခွင်တိုင်းသည် ပိတ်ပိတ်ပိန်းလျက် မည်းမှောင်နေသည်။ အသံရယ်လို့လည်း လေတိုးသံ သဲ့သဲ့ပင် မကြားရ။ ဟိုးဝေးဝေးမှ ရေစက်ကျသံနှင့်တူသည့် ပေါက်ခနဲ အသံကလေးကို ကြားလိုက်ရသည်ထင်၍ စိတ်စူးစိုက်လျက် ခံစားကြည့်စဉ်မှာပင် ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်သွားပြန်သည်။

သတ္တိ ဘယ်ရောက်နေခဲ့တာလဲ...။

အမှောင်ထုထဲတွင် သတ္တိ အားငယ်လာသည်။ အမှောင်ထုကြီးက သတ္တိ၏ စိတ်ဓာတ်ခွန်အားတို့ကို စုပ်ယူနေသလို ခံစားနေရသည်။ မှောင်နက်မည်းကြီးထဲတွင် အားကိုးတကြီး တမ်းတစရာ လူများကို ရေရွတ်ချင်လာ၍ သတ္တိ အပြေးအလွှား စဉ်းစားလိုက်သည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သတ္တိ ခေါင်းထဲတွင် မည်သူမှ ပေါ်မလာခဲ့ပါ။

ခေါင်းတစ်ချက်ခါလျက် လက်တို့ကို ဆန့်ထုတ်ကာ အမှောင်ထုထဲသို့ စမ်းတဝါးဝါးဖြင့် လျှောက်စမ်းကြည့်‌သည်။ မည်သည့်အရာကိုမှ မစမ်းမိပြန်ပါ။ လက်တို့ကို ဆန့်တန်းလျက်ပင် ခြေလှမ်းတို့ကို ခပ်ရွံ့ရွံ့ လျှောက်လှမ်းကြည့်လိုက်သည်။

တစ်လှမ်း...
နှစ်လှမ်း...
သုံးလှမ်း...

သုံးလှမ်းမြောက်ခြေထောက်သည် ထောက်စရာ မြေပြင် လွတ်ထွက်သွားကာ သတ္တိ တစ်ကိုယ်လုံး လေဟာနယ် ချိုင့်နက်ကြီးထဲသို့ သိမ့်ခနဲ လဲပြိုကျသွားသည်။

အား...

သတ္တိ သည်းခြေပျက်မတတ် အော်ဟစ်လိုက်သည်။ ထိုစဉ်တွင် သတ္တိ၏ လက်တစ်ဖက်ဆီသို့ အနှိုင်းမဲ့လောက်အောင် နွေးထွေးလွန်းသည့် အထိအတွေ့ကလေးတစ်ခုရောက်လာခဲ့သည်။

ကမ်းလက်တစ်ဖက်သည် သတ္တိ၏ လက်တစ်ဖက်ကို ဆွဲထားလိုက်ချိန်တွင် သတ္တိသည် လေဟာနယ်ထဲသို့ ကျွံဝင်နေရာမှ ရပ်တန့်သွားသည်။

"ကောင်လေး..."

အေးဆေးတည်ငြိမ်စွာဖြင့် ယောက်ျားပီသလွန်းသည့် အသံတစ်သံသည် သတ္တိ၏ အကြားအာရုံများထဲသို့ ဖြည်းညင်းသာယာစွာ ဝင်ရောက်လာခဲ့သည်။ ထိုအသံ‌ကလေး လာရာလမ်းကြောင်းဆီသို့ သတ္တိ ယောင်ရမ်းစွာဖြင့် မော့ကြည့်လိုက်စဉ်တွင် စူးရှလွန်းသည့် အလင်းတန်းတစ်ခုသည် သတ္တိ၏ မျက်ဝန်းတို့ကို အပ်တစ်ချောင်းလို ထွင်းဖောက်ဝင်ရောက်လာတော့သည်။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now