အခန်း (၉)

2.7K 212 7
                                    

"အေ့..."

မနက်စာ စားနေရာမှ ရုတ်တရက် ကြို့ထထိုးသည့် သတ္တိကို ပန်းကန်ဆေးစင်ကလေးတွင် ဖေဖေတို့ စားသွားသည့် ပန်းကန်အပေများကို ဆေးနေသည့် ကြီးကြီးမိုးက  ပြုံးပြုံးကလေး လှမ်းကြည့်သည်။

"ရုတ်တရက်ကြီး ကြို့ထိုးတာ တစ်ယောက်ယောက်က သားငယ်လေးကို လွမ်းနေလို့ နေမှာ..."

ကြီးကြီးမိုး၏ စကားအဆုံးတွင် သတ္တိ ခြွင်းချက်မဲ့စွာ တစ်စုံတစ်ယောက်ကိုသာ ပြေးမြင်မိသည်။ မနက် မိုးလင်း၍ မျက်လွှာပြတင်းကလေးများ ပွင့်ပြီး အသိစိတ်တောင်ပံကလေးများ ဖြန့်ကျက်ပျံသန်းပါပြီဆိုကတည်းက သတ္တိကို စိုးမိုးထားသည့် သူ့ကိုပါပင်။

"ဟာ... ကြီးကြီးကလည်း မဟုတ်မဟတ်..."

သတ္တိက ရှက်ရွံ့ရွံ့ကလေးဖြင့် ပြောတော့ ကြီးကြီးမိုးက ခေါင်းကလေး တခါခါဖြင့် ရယ်ပါသည်။

သူ သည်အချိန်ဆို ဘာတွေ လုပ်နေမလဲ...။
မနေ့က သတ္တိကို အိမ်အပြန်လိုက်ပို့ရင်း ပြောသွားသည်ကတော့ သူ ဒီနေ့ သူ့အမေရှိသည့် ပင်းယကို ပြန်မည် တဲ့လေ။ တကယ်ဆို သောကြာနေ့ ညနေကတည်းက သူ ပြန်ရမည်ကို သတ္တိကို တွေ့ချင်၍ မပြန်ဖြစ်ခဲ့ခြင်း တဲ့လေ။

သူ လမ်းခရီးမှ ချောချောမွေ့မွေ့ ရှိရဲ့လား။ အို... ဘာတွေးပူစရာရှိသေးလို့လဲ...။ သူ့ခြေရာချင်း ထပ်နေမယ့် လမ်းခရီးပဲ မဟုတ်လား။

အတွေးများဖြင့် ယောက်ယက်ခတ်နေသည့် ကိုယ့်ကိုယ်ကို သဘောကျစွာ သတ္တိ ကြိတ်ပြုံးလိုက်မိသည်။ ဒါကို သတ္တိကို လှမ်းအကဲခတ်နေသည့် ကြီးကြီးမိုးက မြင်သွားပုံရပါ၏။

"ကြီးကြီးမိုး ခန့်မှန်းတာ မှားသွားတယ်ကွယ်... တစ်ယောက်ယောက်က သားငယ်လေးကို လွမ်းတာမဟုတ်ဘဲ သားငယ်လေးက တစ်ယောက်ယောက်ကို လွမ်းနေတာ နေမှာ"

နောက်ပြောင်‌လိုက်သည့် ကြီးကြီးမိုး၏ စကားကြောင့် သတ္တိ အတွေးများ ပျက်ပြယ်သွားရပြီး ခါးကလေးပင် ကော့မတ်သွားရသည်။

"ကြီးကြီးနော်... တစ်မနက်လုံး သားကို မဟုတ်က ဟုတ်ကတွေ ပြောပြီး လိုက်စနေတော့တာပဲ"

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now