အခန်း (၁၈)

2.3K 169 9
                                    

‌အင်းဝမြို့ဟောင်းကလေး၏ နွေညများသည် တစ်နေကုန် ရှိန်းတောက်ပူခြစ်ထားသည့် အရှိန်လက်ကျန်ကလေးဖြင့် အနည်းငယ် ပူအိုက်ချင်သည်။ သို့သော်လည်း တစ်ဖက်တွင် လေကလေး တဖြူးဖြူး သွေဆော်တိုက်ခတ်တတ်သဖြင့် အနည်းငယ်လည်း အေးမြကာ နေသာထိုင်သာ ရှိလှပါသည်။

ဝဏ္ဏသည် အိပ်ရာဘေးမှ ပြတင်းတံခါးကလေးကို လှပ်ကာ ပြတင်းပေါက် ဘောင်တန်းကလေးပေါ်တွင် မေးကလေးထောက်တင်လျက် ကောင်းကင်ပြာကြီးပေါ်က ကြယ်ပွင့် ကြယ်မှုန်ကလေးများကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။

အပြာရောင် ပိုးသားစကလေးပေါ်တွင် ဂွမ်းစ ဂွမ်းမျှင်ကလေးများနှင့် စိန်ပွင့် ကျောက်ပွင့်လေးများကို ဖြန့်ကြဲထားသလိုပင် ကောင်းကင်ပြင်ကြီးသည် လွန်စွာ လှပနေပါ၏။ သို့သော်လည်း ဝဏ္ဏ၏ စိတ်ထဲမှာတော့ တစ်ခုခု လိုအပ်နေသလိုသည်ဟု ခံစားနေမိပါသည်။

လိုအပ်နေသည်ဟုဆိုရာတွင် ကောင်းကင်ပြင်ကျယ်ကြီးက လိုအပ်နေခြင်း မဟုတ်ဘဲ ဝဏ္ဏအတွက်သာ လိုအပ်နေခြင်းသာ ဖြစ်ပါသည်။ သည်မျှ လှရက်လွန်းသည့် ကောင်းကင်ပြင်ကြီးနှင့် ကြယ်စင်ကလေးများ၏ အလှတရားများကို အတူတကွ မျှဝေ ခံစားရန် ဝဏ္ဏ၏ ဘေးနားတွင် ချစ်သူလေး ရှိနေသင့်သည် မဟုတ်လား။

လက်တစ်ဖက်တွင် ကော်ဖီခွက်ကလေးကိုင်လျက် ကျန်တစ်ဖက်တွင် ချစ်ရသူ၏ ဂွမ်းဖတ်ကလေးလို နူးညံ့သည့် လက်ဖဝါးကလေးကို ဆုပ်ကိုင်ကာ ကောင်းကင်ပြင်ကြီး၏ အောက်တွင် ရှိနေခွင့်ရခဲ့လျှင် ထိုညသည် ဝဏ္ဏအတွက်တော့ အပြည့်စုံဆုံးသော ညလေး တစ်ည ဖြစ်မည်မှာ မလွဲဧကန်ပါပင်။

တိမ်စိုင်ကလေးများသည် ကောင်းကင်ပင်လယ်ပြာကြီးပေါ်တွင် ဖြည်းဖြည်းချင်း ရွေ့လျားနေကြသည်။

"တိမ်တိုက်လေးရေ... မန္တလေးကို ရောက်ခဲ့ရင် ငါ့ချစ်သူလေးကို ရူးမတတ် လွမ်းနေတယ်လို့ အကြောင်းကြားပေးစမ်းပါကွာ"

စိတ်ထဲမှာပင် ရည်စူး၍ ပြောလိုက်မည်ဟု ကြံစည်လိုက်သော်လည်း တကယ်တမ်းတွင်တော့ နှုတ်မှ လေသံတိုးတိုးလေးဖြင့် ထုတ်ပြောမိသွားသည် ထင်၏။ ဝဏ္ဏ၏ ဘေးနား မလှမ်းမကမ်းတွင် လှဲလျောင်းကာ အိပ်ပျော်ဖို့ ကြိုးစားနေသည့် ငမင်းက မျက်စောင်းဖြင့် လှမ်းထိုးတော့သည်။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Dove le storie prendono vita. Scoprilo ora