အခန်း (၁၇)

2.3K 176 8
                                    

နို့နှစ်ရောင် ဟွန်ဒါဆိုင်ကယ်လုံးလုံးကလေးကို မီခါနီး ဘီးနှစ်လှိမ့်စာခန့်အလိုတွင် ဟွန်းနှစ်ချက် ဆင့်တီးလိုက်တော့ ကောင်ငယ်လေးက လှည့်ကြည့်သည်။ ဝဏ္ဏကို မြင်လိုက်ရချိန်တွင် ကောင်ငယ်လေး၏ မျက်ဝန်းများသည် ဝန်းဝိုင်းသွားကာ နှုတ်ခမ်းလွှာလေးများမှာလည်း ပွင့်ဟသွားတော့သည်။ နို့နှစ်ရောင်ဆိုင်ကယ်ကလေးသည် လမ်းဘေး‌တွင် ကပ်လျက် ချရပ်လိုက်သဖြင့် ဝဏ္ဏသည်လည်း ဘရိတ်ဖမ်း၍ ရပ်လိုက်ရသည်။

"ကို... ကို ဒီကို ဘယ်လိုရောက်လာတာလဲဟင်။ သတ္တိ အိပ်မက်မက်နေတာများလား"

သတ္တိသည် အိပ်မက်မက်နေသူတစ်ယောက်လို မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ ချစ်ရသူကို သည်လိုနေရာမျိုးမှာ တွေ့ရဖို့အတွက် သတ္တိ အိပ်မက်မှာပင် မတွေးမက်ခဲ့ဖူးပါ။

"အိပ်မက် မဟုတ်ပါဘူး ကလေးရယ်... ကလေးရဲ့ ချစ်သူ စစ်စစ်ပါ... ကလေးရဲ့ လမ်းခွဲစကားကို ရက်ရက်စက်စက် အပြောခံထားရတဲ့ ကလေးရဲ့ ချစ်သူပါ"

သတ္တိသည် မလုံလဲစွာဖြင့် ဝဏ္ဏ၏ မျက်ဝန်းစူးစူးများကို ရှောင်လိုက်မိသည်။ ချစ်ရသူ၏ မျက်ဝန်းများထဲတွင် သတ္တိကို အပြစ်တင်သည့် အရိပ်အယောင်များ မတွေ့ရသော်လည်း သတ္တိသည် အပြစ်ရှိသူတစ်ဦးလို ခံစားနေမိပါသည်။

ကိုယ်တိုင်က လမ်းခွဲစကား ပြောထားပါလျက်နှင့် ဝေးကွာနေခဲ့ရသည့် နေ့ရက်များတွင် ရူးမတတ် လွမ်းဆွတ်နာကျင်နေခဲ့ရသည့် သတ္တိ၏ အဖြစ်ကို ကိုမှ မသိဘဲ။ အခုလို ချစ်ရသူကို မျက်ဝါးမျက်ထင် တွေ့လိုက်ရချိန်တွင် သည်မျက်နှာကလေးကို ဘယ်လောက်တောင် လွမ်းဆွတ်နေခဲ့ရသလဲ‌ဆိုတာ ပို၍ပင် သိသာသေချာသွားတော့သည်။

"ဒါတွေ ထားပါတော့လေ...၊ ကိုယ် ကလေးနဲ့ စကား အေးအေးဆေးဆေး ပြောချင်တယ်ကွာ။ ကိုယ့်ကို အချိန်ပေးနိုင်မလားဟင်"

သတ္တိသည် မျက်လွှာများကို ပုတ်ခတ်လျက် ခေတ္တခဏ စဉ်းစားလိုက်သည်။

"အင်း...၊ တီတီက ဘုရားဝတ်ပြုဦးမှာဆိုတော့ မိနစ်သုံးဆယ်လောက်တော့ အချိန်ရပါတယ်"

"ဒါဆိုရင် ကိုယ်တို့ ဘယ်ကို သွားကြမလဲ"

"ဟိုရှေ့မှာ ဘုရားရှိတယ်လေ ကို... အဲ့ကိုပဲ သွားကြတာပေါ့..."

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Tempat cerita menjadi hidup. Temukan sekarang