အခန်း (၆)

3.8K 282 13
                                    

မနက် (၅)နာရီ ဝန်းကျင်တွင် မျက်ခွံများသည် အချိန်ကိုက်ထားသလို အလိုလို ပွင့်၍ နိုးထလာသည်။ မျက်လုံးများ ပွင့်ပွင့်ချင်းတွင် ဝဏ္ဏ၏ အတွေးများထဲသို့ ဝင်ရောက်လာသည်က သတ္တိဆိုသည့် ကောင်လေး၏ ပုံရိပ်များပင်။

နာမည်နှင့် မလိုက်ဖက်လွန်းသည့် ကောင်လေးဟုပင် ဝဏ္ဏ မညှာမတာ ကောက်ချက်ချလိုက်မိသည်။ ထို့အတူ ယောက်ျားလေးတစ်‌‌ယောက်နှင့် မကိုက်ညီသည့် နူးညံ့သိမ်မွေ့လွန်းသည့် အပြုအမူများနှင့် နွဲ့နှောင်းလွန်းသည့် အပြောအဆို လှုပ်ရှားမှုလေးများသည် ထိုကောင်လေး၏ ထင်ရှားသည့် ပြယုဂ်တစ်ခု ဖြစ်နေလေသည်။

ရေတွင်းဟောင်းကြီးနားတွင် အမှတ်မထင် တွေ့‌‌ဆုံခဲ့သည့် ထိုကောင်လေးသည် ဝဏ္ဏ၏ အာရုံများကို ဖမ်းစားလွှမ်းမိုးနိုင်ခဲ့သည်မှာတော့ သိပ်ကို ထူးခြားသည့် ဆန်းကြယ်မှုတစ်ခုပင်။

ဒုတိယမြောက် တွေ့ဆုံမှုဖြစ်သည့် ဝဏ္ဏ အလုပ်လုပ်သည့် ထမင်းဆိုင်ကလေးအတွင်းက မတော်တဆဖြစ်ရပ်ကလေးအပြီးတွင် ထိုကောင်ကလေးသည် ဝဏ္ဏ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာအထိ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်ကို ဝဏ္ဏ ကိုယ်တိုင် သိရှိ လက်ခံလိုက်ရပါ၏။

‌ထိုကောင်ကလေးနှင့် မတော်တဆ ဝင်တိုက်မိအပြီးတွင် ကျကွဲသွားသည့် ပန်းကန်စများကို ကောက်သိမ်းနေရာမှ နောက်ထပ်သော မတော်တ‌‌ဆ ဖြစ်ရပ်‌ကလေးသည် ဝဏ္ဏ၏ နှလုံးသားလေးကို မြေပေါ်ကျသွားသည့် ပန်းကန်ပြားချပ်ကလေးလို တစစီ ကွဲကြေသွားစေခဲ့သည်။

ဝဏ္ဏ မတော်တဆ ကိုင်မိခဲ့သည့် ထိုကောင်လေး၏ အတိုင်းမသိ နူးညံ့နွေးထွေးသည့် လက်ကလေး တစ်ဖက်သည် ထိုမျှလောက်အောင် စွမ်းအားကြီးမှန်း ဝဏ္ဏ မမျှော်လင့်မိခဲ့ပါချေ။ ထူးခြားဆန်းကြယ်သည့် အထိအတွေ့ကလေးက ဝဏ္ဏ၏ တည်ငြိမ်နေခဲ့သည့် နှလုံးသားလေးကို သိမ့်သိမ့်ခါအောင် လှုပ်ရှားခုန်လှုပ်စေသည်မှာ မယုံကြည်နိုင်လောက်အောင်ပါပင်။

ထိုကောင်ငယ်လေး၏ နူးညံ့နွေးထွေးသည့် လက်တစ်ဖက်နှင့် ထိကိုင်မိသည့် သူ့လက်တစ်ဖက်ကို အယောင်ယောင် အမှားမှားဖြင့် နမ်းရှိုက်မိသည့်အခါ ကောင်လေး၏ ကိုယ်သင်းရနံ့ကလေးများသည် ဝဏ္ဏ၏ နှလုံးသားလေးကို ရစ်သိုင်းညှစ်ဖျစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Onde histórias criam vida. Descubra agora