သည်နေ့တစ်နေ့လုံးတွင် သတ္တိ မိဘနှစ်ပါး၏ အရိပ်အခြေများသည် သတ္တိအတွက်တော့ ထူးဆန်း၍ နေခဲ့သည်။
ချစ်ရသူ ဝဏ္ဏနှင့် အမေတို့ ရောက်မလာခင်အထိ ဖေဖေတို့၏ မျက်နှာသည် ပုံမှန်အတိုင်း အေးစက်မာကျောလျက်ရှိသော်လည်း ချစ်ရသူတို့ ရောက်လာချိန်မှာတော့ တွေ့ရခဲလှသည့် ဖေဖေတို့၏ ချိုသာပျူငှာမှုတို့ကို သတ္တိ အံ့ဩတကြီး တွေ့ခဲ့ရသည်။ ထို့နောက်တွင် ဝဏ္ဏတို့ ပြန်သွားချိန်တွင် ဖေဖေတို့၏ မျက်နှာသည် ထုံးစံအတိုင်း ပြန်လည် အေးစက်သွားပြန်သည်။
သတ္တိသည် ဖေဖေ့၏ မျက်နှာကို ခပ်လှမ်းလှမ်းမှ အကဲခတ်ကြည့်မိသည်။ ဖေဖေသည် ကိစ္စ တစ်ခုခုလုပ်ဆောင်ရန် အတွက် အချိန်အခါ စောင့်နေသူလို မျက်နှာထားမျိုးနှင့် ဧည့်ခန်းတွင် သတင်းစာဖတ်နေခဲ့သည်။ သားကောင်ကို ခုန်အုပ်ရန် မလှုပ်မယှက် ငြိမ်သက်စွာ ဇွဲကောင်းကောင်းနှင့် အချိန်ကောင်းကို စောင့်နေသည့် ကျားတစ်ကောင်လို ဖေဖေသည် ငြိမ်သက်နေလျက် ရှိသည်။
မေမေသည်လည်း ဧည့်ခန်းကျယ်အတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက် တစ်စုံတစ်ခုကို တွေးတောကြံစည်နေသည်။ တစ်ချက် တစ်ချက်တွင် မေမေ့၏ နှုတ်ခမ်းများမှာ ကွေးညွတ်ကျလျက် ဟန်ပါပါ မဲ့သွားတတ်သည်။
နေ့လည် သုံးနာရီထိုးသည့်အခါ ဧည့်ခန်းအတွင်းမှ တိုင်ကပ်နာရီကြီးသည် တဒင်ဒင်မြည်လာချိန်တွင် ဖေဖေသည် ဖတ်နေသည့် သတင်းစာကို ချကာ မေမေ့ကို လှမ်းကြည့်သည်။ မေမေသည်လည်း နာရီထိုးချက်အသံကို ကြားသည်နှင့် ခြေလှမ်းတို့ကို ရောက်သည့်နေရာတွင် ရပ်လျက် ဖေဖေ့အား လှည့်ကြည့်လိုက်သည်။ ထို့နောက် နှစ်ယောက်သား အပြန်အလှန် မျက်ခုံးများ ပင့်ပြလျက် စီးနေကျ ကားအမည်းလေးဖြင့် အပြင်သို့ ထွက်သွားတော့သည်။
သတ္တိသည် ခြံထဲမှ မောင်းထွက်သွားသည့် ဖေဖေတို့၏ ကားလေးကို စိုက်ကြည့်လျက် ရင်ထဲတွင် အမျိုးအမည်မသိသည့် ခံစားချက်တို့ဖြင့် မွန်းကြပ်စွာ ကျန်ရစ်ခဲ့ပါသည်။
💙
ဒေါ်ငွေမှုံသည် ကတ္တီပါစကလေးကို ကြပ်ဆွဲထားသည့် လေးထောင့်စင်ကလေးရှေ့တွင် ကျကျနန ထိုင်လျက် ရွှေချည်ထိုးနေခဲ့သည်။ ဝဏ္ဏသည်တော့ အိမ်အောက်က ခုံကလေးပေါ်တွင် ရေနွေးကြမ်းပူပူ တစ်ခွက်ကိုင်လျက် တဖူးဖူး မှုတ်သောက်နေ၏။
VOCÊ ESTÁ LENDO
အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}
RomanceLGBT တွေ ကြုံတွေ့ခံစားနေရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က ရှုံချတိုက်ခိုက်မှုတွေနဲ့ ဖိအားတွေရဲ့အကြောင်းကို လှစ်ဟသီကျူးမယ့် Reality Fiction လေး တစ်ပုဒ်ပါ။