သူရိယ နေမင်းကြီးသည် ပုံမှန်အတိုင်းပင် အရှေ့အရပ်မှ မေးတင်၍ ထွက်ပေါ်လာချိန်တွင် ဟန်မင်းနိုင်၏ မျက်နှာတည့်တည့်ပေါ်သို့ ခပ်စူးစူး အလင်းရောင်များ ကျရောက်လာသည်။ မျက်နှာပေါ် နေရောင်ကျသည်ကို သိသော်လည်း ထချင်စိတ် မရှိသေး၍ လွှားထားသည့် ချည်စောင်ကလေးကို ခေါင်းထိရောက်အောင် ဆွဲခြုံလိုက်သည်။
မျက်လုံးများအား အတင်း ပိတ်ထားသော်လည်း ပိတ်မရသည့် နားများမှတဆင့် ပတ်ဝန်းကျင်မှ အသံတချို့ကို ကြားနေရသည်။
တံမြက်စည်းလှည်းသံ ခပ်မှန်မှန်ကို ခပ်လှမ်းလှမ်းက ကြားရသည်။ ဒါ သူ့ဖေဖေ လှည်းနေတာပင် ဖြစ်မည်။
အိမ်ခေါင်မိုးပေါ် လျှောက်ပြေးနေသည့် ငှက်ကလေးများတို့၏ ခြေသံ ခြောက်ခြောက်ချွတ်ချွတ်ကိုလည်း ကြားရသည်။
ထို့နောက် ပဲပြုတ်သည်ကို ဖေဖေ လှမ်းခေါ်နေသည့်အသံ ကြားလိုက်ရ၍ သည်နေ့ မနက်စာသည် ထမင်းဆီဆမ်းနှင့် ပဲပြုတ်ဖြစ်လိမ့်မည်ဟု ဟန်မင်းနိုင် အတပ်သိလိုက်သည်။
အိပ်ရာထသင့်သည့် အချိန် ဖြစ်မှန်းလည်း ဟန်မင်းနိုင် သိသော်လည်း မျက်ခွံများမှာ လေးလံလျက် ရှိနေသေးသည်။ တစ်ကိုယ်လုံးလည်း ညောင်းကိုက်နာကျင်လျက် ရှိသည်။
ထိုစဉ်မှာပင် ဖေဖေ သူ့အိပ်ရာအနားသို့ ရောက်လာခဲ့သည်။
"ဟ... ဒီကောင် ဒီနေ့ အိပ်လှချည်လား...၊ ဟန်မင်းနိုင်ရေ... ထတော့လေကွာ"
ဟန်မင်းနိုင်က ဖေဖေ့အသံကြားမှ လက်တို့ ခြေတို့ကို ဆန့်ထုတ်လျက် ပျင်းကြောဆွဲဆန့်လိုက်သည်။
"ဖေဖေ ဒီနေ့ သား နေလို့ ထိုင်လို့ မကောင်းဘူး။ မအီမသာကြီး ဖြစ်နေသလိုပဲ"
"ဖေဖေ ထင်တဲ့အတိုင်း ဖျားပြီနေမှာပေါ့ကွ"
ဖေဖေ့စကားအဆုံးတွင် ဖေဖေ့၏ ခပ်နွေးနွေး လက်တစ်ဖက်သည် ဟန်မင်းနိုင်၏ နဖူးပေါ်သို့ ရောက်လာခဲ့သည်။
"အင်း... ကိုယ်လေးကတော့ ခပ်နွေးနွေးရယ်...၊ အဲ့ဒါကြောင့် ပြောပါတယ်။ မနေ့က ကျောင်းက ပြန်ရောက်ရောက်ချင်း ရေမချိုးပါနဲ့ဆိုတာ။ အဖေ့စကားမှ မင်း နားမထောင်တာ။ အခုတော့ အပူရှပ်ပြီမလား"
YOU ARE READING
အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}
RomanceLGBT တွေ ကြုံတွေ့ခံစားနေရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က ရှုံချတိုက်ခိုက်မှုတွေနဲ့ ဖိအားတွေရဲ့အကြောင်းကို လှစ်ဟသီကျူးမယ့် Reality Fiction လေး တစ်ပုဒ်ပါ။