"ဟ... ကိုဝဏ္ဏကြီးက ဒီလိုကျ ဘယ်ဆိုးလို့တုန်း။ ရည်းစားစကားပြောတာကြီးက အလန်း"
ဟန်မင်းနိုင်က တအံ့တဩ ရေရွတ်သည်။ သတ္တိက နှုတ်ခမ်းကလေးပေါ် လက်ညှိုးလေး တင်လိုက်ပြီး ရှူးတိုးတိုး လုပ်ပြရ၏။
"တိုးတိုး ပြောစမ်းပါဟာ...၊ တခြားသူတွေ ကြားကုန်မယ်"
"အနောက်လည်း လှည့်ကြည့်ဦး၊ ဘယ်သူမှ မရှိဘူး။ အတန်းထဲကို ငါတို့နှစ်ယောက် အရင်ဆုံး ရောက်တာပဲ"
သည်အချိန်သည် သက်မွေးအချိန်ဖြစ်၍ အတန်းအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအားလုံး စုပေါင်းစပ်ပေါင်းစနစ်ဖြင့် စားစရာ၊ သောက်စရာများ ဝယ်ကာ ဘာသာရပ်ပြဆရာ၊ ဆရာမများကို လိုက်လံ ကျွေးမွေးရင်း ကိုယ်ကိုယ်တိုင်လည်း ဝိုင်းဖွဲ့စားကြရသည်။ သတ္တိနှင့် ဟန်မင်းနိုင်ကတော့ ကြီးကြီးမိုး လုပ်ပေးလိုက်သည့် ရွှေချီဆနွင်းမကင်းများကို ဆရာ၊ ဆရာမများထံ လိုက်လံကျွေးမွေးပြီး အတန်းထဲသို့ အရင်ဆုံး ပြန်ရောက်နှင့်ပါသည်။
"အဲ့ဒါနဲ့ပဲ ကို့ကို အဖြေပေးလိုက်ရတယ်ပေါ့လေ... အဟိ"
ဟန်မင်းနိုင်က ဝဏ္ဏကို သတ္တိ ခေါ်သလို 'ကို'ဟု သုံးကာ နောက်ပြောင်လိုက်သဖြင့် သတ္တိ မျက်နှာလေးမှာ ခရမ်းချဉ်သီး အမှည့်ကလေးလို နီရဲသွားရတော့သည်။
"ဟာ... အဲ့လို မစနဲ့ဟာ"
"ဘာလဲ... မင်းရဲ့ မြတ်နိုးတန်ဖိုးထားရတဲ့ အခေါ်အဝေါ်လေးမလို့ ငါ လိုက်ခေါ်တာကို မကြိုက်တာမလား"
ဟန်မင်းနိုင်ဆိုသည်မှာ ခြောက်လေ မကြောက်လေ၊ ဟောက်လေ နောက်လေ လူစားမျိုးဖြစ်သည်ကို ခေတ္တခဏ မေ့လျော့သွားမိသည့် ကိုယ့်ကိုယ်ကိုသာ နဖူးလေးကို လက်သီးဆုပ်ကလေးဖြင့် ထုရင်း အပြစ်ပေးလိုက်မိသည်။
"ငါကိုက မှားတာ... ငါကိုက မှားတာ"
ဟန်မင်းနိုင်က သတ္တိကိုရယ်ကြည့် တဟားဟား ရယ်တော့သည်။
"ဘာပဲဖြစ်ဖြစ် ငါ့သူငယ်ချင်း ယောက်ျားရသွားတာတော့ ဝမ်းသာတယ်ကွာ တကယ်။ အိမ်ထောင်သည်ဖြစ်သွားတဲ့အတွက် ကွန်ဂရတ်ကျူရေးရှင်းပါ သူငယ်ချင်း"
BINABASA MO ANG
အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}
RomanceLGBT တွေ ကြုံတွေ့ခံစားနေရတဲ့ မိသားစုနဲ့ ပတ်ဝန်းကျင်က ရှုံချတိုက်ခိုက်မှုတွေနဲ့ ဖိအားတွေရဲ့အကြောင်းကို လှစ်ဟသီကျူးမယ့် Reality Fiction လေး တစ်ပုဒ်ပါ။