အခန်း (၁)

8.9K 469 28
                                    

ကျောင်းအင်္ကျီ ဖြူလွှလွှကလေးကို အဝတ်အစား ကင်းမဲ့နေသည့် ကိုယ်အပေါ်ပိုင်းတွင် ဝတ်ဆင်လိုက်သည်။ ခေါက်ရိုးကျိုးနေအောင် မီးပူနာနာတိုက်ထားသည့် ကျောင်းစိမ်းပုဆိုးလေးကို ပြေသွားအောင် ခါလိုက်ချိန်တွင် ဆပ်ပြာအနံ့ သင်းသင်းကလေးသည် တစ်ခန်းလုံးသို့ ပျံ့နှံ့ထုံသင်းသွားသည်။

အိုး မွှေးလိုက်တာ...။

သည်ဆပ်ပြာအနံ့ကလေးကို နှစ်သက်လွန်းသဖြင့် အဝတ်အစားများကို သည်ဆပ်ပြာဖြင့်သာ လျှော်ပေးရန် ကြီးကြီးမိုးကို တောင်းဆိုထားဖူးသည် မဟုတ်လား။ အရင်တစ်ခေါက်က ထိုဆပ်ပြာလေးမှာ စျေးကွက်အတွင်း ပစ္စည်းပျက်သွား၍ တစ်လခန့် သည်အနံ့ကလေးနှင့် ဝေးကွာနေခဲ့ရသည်။

တခြားသော ဆပ်ပြာအနံ့များ ရနေသည့် သူ့ဝတ်စုံများကို ဝတ်ဆင်နေရချိန်တွင် တခြားသူစိမ်းတစ်ယောက်၏ အဝတ်များ သူ့ကိုယ်ပေါ် ကပ်နေသလို စိမ်းသက်သက်နိုင်လှသည်ဟု ခံစားရစေသည်အထိ သူသည် အစွဲအလန်းကြီးသူ ဖြစ်ပါသည်။ အကန့်အသတ် စည်းဘောင်ကျဥ်းကျဥ်းကလေးထဲ မလှုပ်သာ မလူးသာ ရှင်သန်နေရသည့် သူ့အတွက်တော့ သည်မျှလောက်သော စွဲလန်းမှုမျိုးကိုတော့ စွဲလန်းခွင့်ရှိမည် ထင်ပါသည်။

သည်စံပယ်ရနံ့ ဆပ်ပြာကလေးကို သူ ခုံမင်မက်မောနေသည်ကိုသာ ဖေဖေတို့ သိသွားမည်ဆိုလျှင် ထုံးစံအတိုင်း ယုတ္တိမရှိစွာ ပိတ်ပင်ဦးမည်လား...။ ထိုသို့ အတွေးပေါက်မိပြန်တော့ သူ နာနာကျင်ကျင်သာ ပြုံးရပြန်သည်။

စံပယ်ဆပ်ပြာရနံ့ သင်းသင်းကလေး ရနေသည့် ကျောင်းဝတ်စုံလေးကို ဝတ်ဆင်ပြီးချိန်တွင် နဂိုကော့ညွတ်နေသည့် ပန်းနု‌ရောင်နှုတ်ခမ်းလေးများမှာ လန်းရွှင်လာတော့သည်။

နဖူးပေါ် ခပ်စိုက်စိုက်ဝဲကျနေသည့် ဆံပင်ကလေးများကို ပုံကျသွားအောင် ဆီလူး၍ ခေါင်းဘီးစိပ်စိပ်ကလေးဖြင့် ဖြီးသင်လိုက်သည်။

"သားငယ်လေး သတ္တိ..."

အခန်းအဝဆီမှ ကြီးကြီးမိုး၏ ခေါ်သံကလေး ကြားလိုက်ရ၍ လှည့်အကြည့်တွင် နဖူးပေါ် ဝေ့ကျနေသည့် ဆံပင်ကလေးများမှာ ယိမ်းထိုးရမ်းခါသွားသည်။

အပျိုးမဲ့ နိဒါန်း... အဆုံးမဲ့ နိဂုံး {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮}Where stories live. Discover now