(Unicode)
"ကျွန်မ လုံးဝသဘောမတူနိုင်ဘူး...!!!""ကိုယ်ကတော့ ဆုံးဖြတ်ပြီးနေပြီ ဒါဟီး"
အဖေနဲ့အမေရဲ့ တစ်ယောက်တစ်ခွန်းပြောနေကြတဲ့ စကားတွေကို ဘေးမှာထိုင်နေတဲ့ကလေးငယ်ကတော့ နားလည်ဖို့ကြိုးစားနေဆဲ...။ အသက်၇နှစ်အရွယ် ဦးနှောက်ခပ်သေးသေးလေးနဲ့ သူနားလည်လိုက်တာကတော့ ဖေဖေက ကလေးတစ်ယောက်ကိုမွေးစားမယ်တဲ့...။ အဲ့ဒါကို မေမေက သဘောမတူနိုင်ဖြစ်နေတာ...။
"ရှင်ဘာလို့ ကျွန်မကိုမတိုင်ပင်ဘဲ လုပ်လိုက်ရတာလဲ...?? ကျွန်မတို့ဆီမှာ သားလေးထယ်ယောင်းရှိနေပြီလေ... ဘာလို့တခြားကလေးတစ်ယောက်ကိုထပ်ပြီးမွေးစားမှာလဲ... ပြီးတော့ အဲ့ကလေးက မျိုးရိုးလည်းမကောင်း......."
"တော်တော့ ဒါဟီး... နေရာတကာမှာ အဆင့်အတန်းခွဲခြားတတ်တဲ့ မင်းရဲ့စိတ်ဓာတ်ကို ပြင်ဆင်လိုက်ရင်ကောင်းမယ်... ကိုယ်ပြောပြီးပြီလေ... သူ့အဖေက ကိုယ့်ကိုအသက်ကယ်ပေးထားတယ်လို့"
"အဲဒါကလည်း ရှင်ကားအက်ဆီးဒင့်ဖြစ်နေတုန်း ရှင့်ရဲ့ပစ္စည်းတွေကို အလစ်သုတ်ဖို့လာရင်း ရှင်သတိရလာလို့ ဆေးရုံပို့ပေးတာနေမှာပါ... သူ့ဘက်က ဘာကူညီရတာမှတ်လို့... ဆေးရုံကိုဖုန်းခေါ်ပေးရုံပဲကို"
ဇနီးဖြစ်သူရဲ့ တယူသန်မှုကြောင့် သူသက်ပြင်းကိုသာ အသာချလိုက်မိသည်။ ဘေးကိုငုံ့ကြည့်လိုက်တော့ သားငယ်လေးက သူတို့ကိုစူးစမ်းတဲ့မျက်ဝန်းလေးတွေနဲ့ မော့ငေးနေတာကိုတွေ့လိုက်ရတယ်...။
"သား ထယ်လေး... အခန်းထဲမှာ အရုပ်တွေနဲ့သွားဆော့နေပါလား... ဖေဖေနဲ့မေမေ စကားပြောစရာရှိလို့"
ငယ်ရွယ်သေးတဲ့သားငယ်လေးက တချို့စကားလုံးတွေကို ကြားဖို့မသင့်တော်ဘူးလေ...။ ပြီးတော့ သားငယ်လေးက ဖူးဖူးမှုတ်အလိုလိုက်ခံထားရတာကြောင့် လောကကြီးအကြောင်းကို ဘာမှမသိနားမလည်သေးတဲ့ကလေး...။
"ထယ်က ဖေဖေ့အနားမှာ နေချင်လို့ပါ... ထယ် တိတ်တိတ်လေးနေပါ့မယ်... ဖေဖေတို့ကို မနှောက်ယှက်ပါဘူး"
ချစ်စရာကောင်းအောင် နှုတ်ခမ်းလေးဆူကာပြောနေတဲ့ သားငယ်လေးကို သူအသာငုံ့နမ်းလိုက်တယ်...။ အမြဲလိုလိုအလုပ်ရှုပ်နေတဲ့သူက တခါတလေမှ အိမ်မှာရှိတာဆိုတော့ ထိုအချိန်ခဏလေးကို သားငယ်လေးက မက်မောပုံရတယ်...။
YOU ARE READING
Bad Blood (Completed)
FanfictionWhen the person you love can't see your love for them beneath the painful things you say when they reject you, remember this: "Love is blind." A TaeKook Fanfiction