Unicode
မင်ဟိုဟာ ဂျီဆောင်းတို့အမေနှင့်အတူ အကြမ်းရေသောက်နေပြီး ဂျီဆောင်းကတော့ လှမ်းမြင်နေရတဲ့ အပြင်ဘက်မှာ မြို့ထဲက ကလေးတွေကို ပုံပြင်ဖတ်ပြနေသည်။
ထိုမြင်ကွင်းအား အေးချမ်းစွာ မင်ဟိုငေးမိရင်း မဖြစ်မြောက်သေးတဲ့ အနာဂတ်တစ်ခုကိုလည်း စိတ်ကူးယဥ်မိပါသေးသည်။
အဲ့ဒီအနာဂတ်ထဲမှာတော့ သူရယ်၊ ဟန်ရယ်၊ ပြီးတော့ ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက်ကိုလည်း မွေးစားကြမည်။
နွေးထွေးတဲ့ မိသားစုဘဝမျိုးကို မင်ဟို အမြဲတောင့်တခဲ့တာ ဖြစ်သည်။ အခု ပိုတောင့်တမိတာကတော့ အဲ့ဒီလိုဘဝကို ဂျီဆောင်းနှင့်အတူ ထူထောင်ရဖို့။
သားဖြစ်သူကို ချစ်မြတ်နိုးစွာ လှမ်းကြည့်နေတဲ့ မင်ဟို့ကို ကြည့်ကာ ဂျီဆောင်းရဲ့အမေဟာ ပြုံးသည်။
"ဟန်ဂျီ့ကို တကယ်ချစ်မြတ်နိုးတာလား မင်ဟို"
အမေရှေ့မှာ ပြောရမှာ မျက်နှာပူမိပေမဲ့ ရှက်ရွံ့ခြင်းတွေက မင်ဟို့ရဲ့ ချစ်ခြင်းမေတ္တာကို မတားဆီးနိုင်ခဲ့ပါဘူး။
"ကျွန်တော် ဟန့်ကို တကယ်မြတ်နိုးတာပါ။ ကျန်ရှိတဲ့ ဘဝကိုလည်း သူနဲ့ပဲ ဖြတ်သန်းချင်တယ်။ အနာဂတ်ကိုလည်း ဟန့်ဆီမှာပဲ မြှုပ်နှံချင်တယ်။ ဒါပေမဲ့ ဟန် က ကျွန်တော့်ကို လက်မထပ်ချင်ဘူးတဲ့လေ"
မင်ဟို့မျက်နှာလေးဟာ သိသိသာသာညှိုးကျသွားသည်။
"သူ့စိတ်ဒဏ်ရာကြောင့် ဖြစ်မှာပါ" မထင်ထားတဲ့ စကားမလို့ မင်ဟို လှည့်ကြည့်တော့ သူမဟာ အခြားဘက်ကို ခပ်တွေတွေလေး ငေးနေခဲ့သည်။
"ဟန်ဂျီ့အသက် ၆ နှစ်မှာ သူ့အဖေက တို့သားအမိကို စွန့်ပစ်ခဲ့တယ်။ ကြင်ဖက်တွေ့ပြီး လက်ထပ်ခဲ့ကြပေမဲ့ သားအသက် ၆ နှစ်အထိ တို့ကို တစ်ခါမှ ချစ်တယ်လို့ မပြောခဲ့တာက ဘယ်တုန်းကမှ မချစ်ခဲ့လို့တဲ့လေ။ သူ မချစ်တဲ့မိန်းမက မွေးတဲ့ သားကိုလည်း မချစ်ဘူးတဲ့။ အဲ့ဒီကတည်းက သားက လက်ထပ်တာတွေကို အယုံအကြည်မရှိတော့တာပဲ။
လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ့ကို ထိမ်းမြားပေးဖို့ လုပ်ခဲ့ပေမဲ့ သားက ခါးခါးသီးသီးကို ငြင်းဆန်ခဲ့တာ။ အဖေနဲ့အမေ့လို ဖြစ်မှာကို ကြောက်တယ်တဲ့။"
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....