Unicode
နတ်ဆရာမကြီးထံမှ ထွက်လာတဲ့သူတို့ဟာ မြို့ထဲကိုမဟုတ်ဘဲ ဆန့်ကျင်ဘက်မြို့စွန်ဝေးဝေးကို လျှောက်လာခဲ့ကြသည်။ သို့မဟုတ်၊ ဦးတည်ရာမဲ့သွားနေတဲ့ ဆွန်းမင်ရဲ့ဝေးဝါးတဲ့လမ်းကို ဟျွန်းဂျင် တိတ်ဆိတ်စွာ လိုက်ပါလာတာဆိုရင် ပိုမှန်ပါလိမ့်မည်။
ဆွန်းမင် ဒီလိုရှေ့ဖြစ်နောက်ဖြစ်တွေကို မယုံကြည်ပါဘူး။ ဒါပေမဲ့ နတ်ဆရာမကြီးရဲ့ဟောချက်ပြီးကတည်းက သူ ဟျွန်းဂျင်ကို မျက်နှာချင်းမဆိုင်ရဲတော့တာ အမှန်ပါပဲ။
လွန်ခဲ့သောအချိန်တစ်ခုက သူကြံစည်ဖူးခဲ့တာ သူအသိဆုံးမလို့ ဒီဟောချက်ဟာ အမှန်ဖြစ်လာမလား သူတွေးနေမိသည်။ အဲဒီအချိန်ကသာဆို သူပျော်ရွှင်ကောင်း ပျော်ရွှင်မှာပေမဲ့ အခုတော့ မပျော်နိုင်ဖြစ်နေသည်။ တွေဝေနေတဲ့ စိတ်ကလေးက ဘယ်မှာ အရင်းတည်သလဲတော့ မသေချာသော်လည်းပေါ့။
"ဆွန်းငယ်.. နတ်ဆရာမရဲ့စကားကြောင့် ဒီလိုငေးမှိုင်နေတာဆိုရင် မဖြစ်ပါနဲ့။ ဒီတိုင်း မေ့ပစ်လိုက်ပါ။"
ပုခုံးပေါ်သို့ ဖြေးဖွစွာ လက်တင်လာရင်း ဆိုလာတဲ့ဟျွန်းဂျင်ကို ဆွန်းမင် မဝံ့မရဲစွာ လှည့်ကြည့်မိသည်။ ထိုအခါ အိမ်ရှေ့စံက သူ့အား နှစ်သိမ့်သည့်သဘောကိုဆောင်တဲ့ အပြုံးတစ်ခုကို ပေးသည်။
"အနာဂတ်ဆိုတာ မမြင်ရတဲ့အရာမို့လို့ နတ်ဆရာမကြီး မမှန်တာမျိုးလည်း ဖြစ်တတ်..."
ဟျွန်းဂျင်ရဲ့စကား မဆုံးခင်မှာပဲ လေကိုဖြတ်ခွင်းလာတဲ့ မြှားချွန်တစ်စင်းဟာ သူတို့နှစ်ယောက်ကြားက ဖြတ်ပျံသွားခဲ့သည်။
ထိုအခါမှ မြို့အစွန်ဆုံးကို ရောက်လာခဲ့ကြောင်း ဆွန်းမင် သတိပြုမိသလို အန္တရာယ်ရှိနေပြီ ဆိုတဲ့အသိဟာ နှစ်ယောက်လုံးရဲ့အသိစိတ်ကို နိုးကြားစေခဲ့သည်။
အဲဒီနောက် ဘယ်ကမှန်းမသိတဲ့ လူတစ်စုဟာ သူတို့ဆီကို တိုးဝင်တိုက်ခိုက်လာခဲ့သည်။ ဓားလက်နက်ကိုယ်စီနဲ့ ထိုလူတွေကို နှစ်ယောက်တည်းနဲ့ ပြန်ယှဥ်ရတာက သိပ်တော့မလွယ်ကူလှပါဘူး။
အဆိုးထဲမှအကောင်းကိုရှာတွေးရရင် ခါးကြားမှာ အမြဲဆောင်ထားတတ်တဲ့ ဓားတိုတစ်လက်ပါလာခြင်းက ဆွန်းမင်အတွက် နည်းနည်းတော့ ဖြေသာခဲ့သည်။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....