Part-7

3.9K 604 4
                                    

Chapter 7

ပထမနေ့ ည ၉ နာရီ ၂၆ မိနစ် 🖌️

အဖိုးတန်ကလေးလေးက စုန့်ရန်၏အိမ်တွင်အိပ်မည်ဖြစ်၍ အဝတ်အစားလဲလှယ်ရန်နှင့် အခြားသောလိုအပ်ချက်များကို ပြင်ဆင်ရမည်ဖြစ်သည်။

ပုပုက တိုက်ခန်းထဲသို့ ဝင်သွားပြီး အဆင်သင့်ဖြစ်အောင် ပြင်မည့်အချိန်တွင် စုန့်ရန်က သူ့အတွက် မီးဖွင့်ပေးလိုက်သည်။ မူလက သူလည်း အတွင်းသို့ဝင်သွားပြီး ကူညီပေးရန်စဉ်းစားလိုက်သော်လည်း အခြားလူကြီးများ မရှိနေသည့်အတွက် အပြင်တွင် ရပ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ အခြားလူများမရှိချိန်တွင် အိမ်ထဲသို့ ကျူးကျော်ဝင်ရောက်သည်နှင့် တူနေမည်စိုး၍ ယဉ်ကျေးစွာဖြင့်သာ တံခါးတွင်မှီရပ်နေလိုက်ပြီး ပုပုက ယုန်ပေါက်စလေးတစ်ကောင်ကဲ့သို့ အိပ်ခန်းနှင့် ရေချိုးခန်းအကြား ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို ကြည့်နေသည်။

သူ ဧည့်ခန်းနားမှဖြတ်လာတိုင်း  သင်္ကာမကင်းစွာဖြင့် တံခါးနေရာကိုလှမ်းကြည့်ပြီး သတိပေးနေသည်။

" ကိုကြီး ထွက်မပြေးရဘူးနော်..."

စုန့်ရန်က ကတိပေးလိုက်သည်။
" ထွက်မပြေးပါဘူး ပုပုရဲ့..."

ကလေးလေး၏ လှုပ်ရှားမှုများက အနည်းငယ် ကိုးရို့ကားယားဖြစ်ပြီး နှေးကွေးလှသည်။ စုန့်ရန်က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး အိမ်နီးချင်းများ၏ ဧည့်ခန်းကို စူးစမ်းနေသည်။

သူ တွေးတောထားသည့်အတိုင်းပင် အခန်း8012B၏ အတွင်းပိုင်းအပြင်အဆင်များက ဖတ်စာအုပ်ထဲမှ ဥပမာများနှင့် တူနေပေသည်။ အခန်းက ခြေသုတ်ဖုံ၏ စတိုင်နှင့် တစ်ထပ်တည်းကျနေသည်။ အဓိကအရောင်များက အဖြူ၊ အနက်နှင့် မီးခိုးရောင်များဖြစ်ပြီး နေရာတိုင်း‌တွင် သေသပ်လွန်းနေသည်။ အိမ်ထဲတွင် အလှဆင်ထားသည့် အရောင်များအရ ပြောရမည်ဆိုလျှင် စုန့်ရန်၏အခန်း 8012Aက ကလေးများ၏ အိမ်မက်ထဲမှ ကစားကွင်းပန်းခြံကြီးဆိုလျှင် အခန်း8012Bက ကလေးတစ်ယောက်နေထိုင်သည်ဟုပင် မထင်ရသော လူကြီးတစ်ယောက်၏ ရုံးခန်းနေရာနှင့် တူနေသည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now