Part-27

3.9K 515 2
                                    

Chapter 27

၎င်းက ကြောက်မက်ဖွယ်ကောင်းရုံသာမက ဝမ်းနည်းဖွယ်ရာများ ဖြစ်လာစေလိမ့်မည်။

စုန့်ရန်က ထိုအကြောင်းကို စဉ်းစားမိသောအခါ ကြောက်ရွံ့သွားမိ၍ ‌ရှပ်အင်္ကျီကော်လံကို တဖြည်းဖြည်းကိုက်လိုက်ပြီး တစ်ဖက်လူ၏ ပူနွေးလှသော ရင်ခွင်ထဲ တိုးဝင်သွားသည်။ ဟယ်ကျစ်ယွမ်က သူ့ကို ပွေ့ဖက်ထားသည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်နေသည့်အပြင် လက်ချောင်းများယှက်နွယ်ထားကာ သူတို့၏ ခန္ဓာကိုယ်အပူချိန်များကလည်း ဆွယ်တာချည်စ၏ လစ်လပ်နေသော နေရာများမှတစ်ဆင့် စိမ့်ဝင်သွားစေပုံရသည်။ မျက်နှာကျက်မှ မီးဆိုင်းနှင့် ဖယောင်းပန်းနီရောင်ဆိုဖာက သူတို့၏ အရေပြားပေါ်တွင် ရောင်ပြန်ဟပ်နေ၍ ပန်းရောင်ဖျော့ဖျော့အကွက်များ ကိုယ်ပေါ်တွင် ပေါ်လာသည်။

ဟယ်ကျစ်ယွမ်၏လက်ဖမိုးကို ပွတ်သပ်နေစဉ်တွင် စုန့်ရန်က မေးလိုက်သည်။

" ကျွန်တော်သာ ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားမယ်ဆိုရင် ကျွန်တော့်ကို ချစ်ဦးမှာလား..."

ဟယ်ကျစ်ယွမ်က သဘောတကျဖြစ်သွားသည်။

" ဘာလဲ... ယုန်လေးတစ်ကောင်က တွင်းထဲမှာ ပုန်းနေတာနဲ့ပဲ ကိုယ်က လိုက်မဖမ်းနိုင်တော့ဘူး ထင်နေတာလား..."

ထိုစကားကြောင့် စုန့်ရန်၏ မျက်တောင်များက ပို၍ပို၍ တုန်ယင်လာသည်။ သူက ခေါင်းမမော့ပဲ ဟယ်ကျစ်ယွမ်၏ လက်ချောင်းသွယ်သွယ်များကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ခဏအကြာတွင်မှ အားပါးတရရယ်လိုက်ပြီး ဒူးကွေးညွတ်လိုက်ကာ ဟယ်ကျစ်ယွမ်၏ခါးကိုတို့ပြီး ပြောလိုက်သည်။

" ခင်ဗျားကမှ ယုန်လေ..."

(အနာဂတ်မှာ ဖြစ်လာမယ့်အကြောင်း တစ်ခန်းရပ်)

.....

လူကြီးမင်းဟယ်နှင့် သိကျွမ်းခဲ့ပြီးသော ၄ရက်မြောက်ညတွင် စုန့်ရန်က သူ၏လူကြီးမင်းဟယ်နှင့် မတွေ့ဆုံခဲ့ရပေ။

ယခုချိန်က နွေဦးရာသီဖြစ်သော ဧပြီလ၏ ညချမ်းအချိန်ဖြစ်နေ၍ လေထဲတွင် အေးစိမ့်မှုအနည်းငယ်ကို သယ်ဆောင်လာနေဆဲဖြစ်ပြီး အက်စ်မြို့၏ တတိုင်းမွှေးပန်းများ စတင်ဖူးပွင့်လာချိန်လည်းဖြစ်သည်။ ပန်းရနံ့များက ပြင်းလွန်း၍ လူသူကင်းမဲ့နေသည့် လမ်းမကြီးများနှင့် လမ်းဘေးမီးရောင်များအောက်အထိပါ ရနံ့များ စိမ့်ဝင်ပျံ့နှံ့နေသည်။ ကျောက်စိမ်းပင်လယ်အော်အဆောက်အဦးငါး၏ ၁၂ထပ်မြောက်တွင် စုန့်ရန်က နွေးထွေးသောဂွမ်းကပ်အောက်တွင် လှဲနေပြီး  ပုပုကိုဖက်ထားကာ ရေဆေးပန်းချီသဖွယ် အိမ်မက်တစ်ခုကို မက်နေသည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now