Part-29

3.5K 560 7
                                    

Chapter 29

၅ရက်မြောက်နေ့ ည ၉နာရီ ၂၈မိနစ် 🖌️

အရောင်ပေါင်းစုံနေသည့် ယုန်တစ်ကောင်ပုံစံကို အရောင်ခြယ်ပြီးသည့်အခါ ပုပုက မဟာအောင်မြင်မှုကြီးတစ်ခု ရရှိသွားသည့်သဖွယ် ဖြစ်နေသည်။ စာရွက်ကို စိတ်ကျေနပ်အားရစွာဖြင့် လေမှုတ်လိုက်ပြီး ဖုန်းလေးကို စုန့်ရန်၏လက်ထဲထည့်ပေးကာ လက်ဆေးရန် ရေချိုးခန်းသို့ ပြေးသွားသည်။ သူ၏ ပလ္လင်က နေရာလွတ်သွားသည်နှင့် ပုသို့သို့က တစ်စက္ကန့်မှ အချိန်ဆွဲမနေတော့ပဲ စုန့်ရန်၏ရင်ခွင်ထဲ ပြေးဝင်လာကာ အမွေးပွဘောလုံးကြီးတစ်လုံးကဲ့သို့ ကွေးနေသည်။

" လူ... လူကြီးမင်းဟယ်..."

စုန့်ရန်က ဖုန်းကိုင်လိုက်သည်နှင့် ပထမဆုံးစကားတစ်လုံးမှစ၍ အထစ်ထစ်အငေါ့ငေါ့ဖြစ်တော့သည်။

" ညက အိပ်လို့ကောင်းရဲ့လား..."

ဟယ်ကျစ်ယွမ် ပြတင်းပေါက်လိုက်ကာများကိုဖွင့်လိုက်ပြီး မနက်ခင်းနေရောင်ခြည်ကို အခန်းထဲ ဝင်လာစေလိုက်သည်။ ခြံထဲတွင် သပ်သပ်ရပ်ရပ် မြက်ခင်းပြင်နှင့် ချုံပုတ်ကြီးများရှိ၍ ပန်းများအပြည့် ပွင့်နေသည်။  ခြံစည်းရိုးတစ်လျှောက် ပြေးလွှားကျက်စားနေသော ရှဉ့်တစ်ကောင်က လမ်းတစ်ဝက်တွင် ရပ်လိုက်ပြီး သူ့ဘက်ကို လှည့်ကြည့်လိုက်သည်။

သူ စိတ်ကြည်လင်နေသည်။

" ကိုယ် ကောင်းကောင်းအိပ်ခဲ့ရပါတယ် မင်းရော..."

စုန့်ရန်က ကြောင်လေး၏နားရွက်များကို ပွတ်သပ်နေသည်။

" ကျွန်... ကျွန်တော်လည်းကောင်းကောင်းအိပ်ခဲ့ရပါတယ်..."

အိမ်မက်မက်နေတုန်း တစ်ခုခုတော့ ဖြစ်ခဲ့တယ်... ခင်ဗျားကို အိမ်မက်မက်ခဲ့တာလေ... ကျောပြင်ကိုပဲ ဝါးတားတား မြင်လိုက်ရပေမယ့် တော်တော်လုံလောက်နေပါပြီ...

စုန့်ရန်က ဤစကားများကို စိတ်ထဲတွင်သာပြောနိုင်၍ ယားကျိကျိဖြစ်လာသည်။ သူ၏ လည်စေ့က တက်လိုက်ကျလိုက်ဖြစ်နေပြီး တံတွေးမျိုချလိုက်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရပေသည်။ ဟယ်ကျစ်ယွမ် ကြားသည့်အခါ ရယ်လိုက်မိသည်။

နူးညံ့ရောင်ခြယ်(Completed)Where stories live. Discover now